တစ်နှစ်အတွင်း ကျပ်ရှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီခဲ့ကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.01.07
တစ်နှစ်အတွင်း ကျပ်ရှစ်ဘီလီယံနီးပါး ထောက်ပံ့ကူညီခဲ့ကြောင်း NUG ထုတ်ပြန် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ပေးနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များ၏ ဓာတ်ပုံအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က (NUG) ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားစဉ်။
Photo: Ministry of Defence (NUG)

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ အထိ တစ်နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်းက စစ်ဘေးဒုက္ခသည်တွေအပါအဝင် ပြည်သူတွေကို ကျပ်ငွေ ရှစ်ဘီလီယံနီးပါး (၇ ဒသမ ၇) ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီအထဲမှာ စစ်ကိုင်းတိုင်းကို သန်း ၃၂၀၀ ကျော်၊ မကွေးတိုင်းကို သန်း ၁၇၀၀၊ မန္တလေးတိုင်းကို ၈၀၄ သန်း၊ ပဲခူးတိုင်းကို သန်း ၅၀၀၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကို ကျပ်သန်း ၁၂၀ ကျော် စတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီအထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျပ်သန်းငါးထောင်ကျော် (၅,၀၇၃ သန်း)၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူတွေအတွက် သန်းတစ်ထောင်ကျော် (၁,၂၉၅ သန်း)၊ ထိတွေ့တိုက်ပွဲတွေမှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် (၄၄၅) သန်း၊ CDM ဝန်ထမ်းတွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် သန်း ၈၀ ကျော်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ မိသားစုဝင်တွေအတွက်အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ၄၆ သန်း စတဲ့ ကဏ္ဍရှစ်ခုကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း ကဏ္ဍအလိုက်၊ ဒေသအလိုက် ပံ့ပိုးပေးနိုင်ခဲ့တဲ့အပြင် လေးနှစ်တာအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကို ရှေးရှုပြီး ဘက်ပေါင်းစုံ အကျပ်အတည်းကို ကြံ့ကြံ့ခံနေကြတဲ့ ပြည်သူတွေကိုလည်း လေးစားဂုဏ်ယူကြောင်းနဲ့ ဆက်လက်ပြီး မလျော့သောဇွဲနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချေမှုန်းရာမှာ ညီညွတ်စွာ လက်တွဲဆောင်ရွက်စေလိုတယ်လို့လည်း NUG က တိုက်တွန်းထားပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ထိ မြန်မာနိုင်ငံတစ်ဝန်းက လူသုံးသန်းခွဲကျော် နေရပ်က ရွှေ့ပြောင်းရပြီး လူသားချင်းစာနာရေး အခြေအနေက ပိုဆိုးဝါးလာနိုင်တယ်လို့ UNOCHA က ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။