NUG က တစ်နှစ်ကျော်အတွင်း လူသားချင်းစာနာမှုအတွက် သုံးဘီလီယံကျော် ထောက်ပံ့

2022.05.18
NUG က တစ်နှစ်ကျော်အတွင်း လူသားချင်းစာနာမှုအတွက် သုံးဘီလီယံကျော် ထောက်ပံ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို တွေ့ရစဉ်
Photo: Prof Win Myat Aye's Facebook

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက တစ်နှစ်ကျော်ကာလအတွင်း ကျပ် သုံးဘီလီယံကျော် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အဲဒီဌာနရဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက RFA ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြည်သူတွေဆီကရတဲ့ အလှူငွေတွေကနေ ပြန်ပြီးကူညီနေတာလို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက RFA ကို ပြောပါတယ်။

“ တစ်နှစ်ကျော်ကာလအတွင်းမှာ ကျနော်တို့ မြန်မာငွေကျပ် သုံးဘီလီယံကျော်နီးပါး ပံ့ပိုးကူညီနိုင်ခဲ့ပြီ။ ဆက်လက်ပြီးတော့လည်း ကျနော်တို့က ပံ့ပိုးကူညီမယ်။ သို့သော် အဲဒါ ဘယ်အပေါ်မူတည်လဲဆိုတော့ ကျနော်တို့က ပြည်သူက ပြည်သူအပေါ် ရတဲ့အလှူငွေပေါ်မူတည်ပြီးတော့ ကျနော်တို့ ပံ့ပိုးရတာဖြစ်တယ်။ ပြည်သူက ပြည်သူကို အလှူငွေလို့ ပြောတာဖြစ်တာကြောင့် နိုင်ငံတကာရောက် ပြည်သူများကလည်း ပံ့ပိုးနေကြတာ ရှိတယ်ပေါ့နော် ’’

မြန်မာနိုင်ငံသားတွေရဲ့ လှူဒါန်းမှုနဲ့ မလုံလောက်တာကြောင့် ဂျပန်၊ ကိုရီးယားလို နိုင်ငံတွေက ကူညီမှု တွေရရှိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း ကျပ်သန်း ၁၀၀ ကျော် ထောက်ပံ့နိုင်ခဲ့တဲ့အထဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ထောက်ပံ့မှုအများဆုံးလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်မယ်ထင်တဲ့ နေရာတွေကို ထွက်ပြေး ခိုလှုံနေကြရတဲ့ ပြည်သူတွေ၊ တော်လှန်ရေးမှာပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက်ဆုံးရှုံးရသူတွေရဲ့ မိသားစုဝင်တွေ၊ မသန်စွမ်းတွေ အပါအဝင် သက်ကြီးရွယ်အိုတွေကို ကူညီပံ့ပိုးပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စုစုပေါင်း မြန်မာငွေကျပ် ၁၀၀.၃၈ သန်း ကူညီခဲ့တယ်။ အခုနက ကူညီခဲ့တဲ့ နေရာတွေက နေရပ်စွန့်ခွာသူတွေက ၆၅.၁ သန်း၊ ကျဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူတွေက ၁၆.၇ သန်း၊ CDM ဝန်ထမ်းတွေနဲ့ စပ်ဆက်တဲ့ လူနာချင်း အကူအညီက ၄.၂ သန်းပေါ့။ ထိခိုက်လွယ်အုပ်စုဆိုတာ အခုနက သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ ၁၁.၃ သန်း၊ အထွေထွေကတော့ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ရရှိတဲ့ စာရင်းတွေအရ ထောက်ပံ့တာတွေပေါ့နော်။ အဲဒါကတော့ ၂.၈ သန်းဆိုပြီး ရှိခဲ့ပါတယ် ”

လက်ရှိမှာ မိုးတွင်းကာလကို ရောက်တော့မှာမို့ ယာယီစစ်ဘေးဒုက္ခသည်စခန်းတွေ ဆောက်လုပ်နိုင်ဖို့ ညှိ နှိုင်းနေပြီး မီးရှို့ခံခဲ့ရတဲ့ ကျေးရွာတွေက နေအိမ်တွေကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ခြောက်သိန်း နီးပါး ရှိလာနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းတွက်ချက်ထားပါတယ်။ အရင်ကရှိနေတဲ့ နေရပ်စွန့်ခွာသူတွေနဲ့ပါ ပေါင်းရင် လူပေါင်း ကိုးသိန်းကျော်ဟာ ခုချိန်ထိ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေကြတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကရင်ပြည်နယ် စတဲ့ ဒေသတွေအပြင် ကချင်ပြည်နယ် ထဲက စစ်ဘေးကြောင့် နေရပ်စွန့်ခွာနေရသူတွေလည်း ခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။