စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲမှာ လက်နက်ကူညီဖို့ နိုင်ငံတကာကို NUG တောင်းဆို

2022.05.17
စစ်အာဏာရှင်တော်လှန်ရေးစစ်ပွဲမှာ လက်နက်ကူညီဖို့ နိုင်ငံတကာကို NUG တောင်းဆို လက်လုပ်သေနတ်ကိုင်ဆောင်ထားသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား၂ဝ၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ရုရှားကျူးကျော်တပ်ဖွဲ့တွေကို ခုခံတော်လှန်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီထောက်ပံ့နေသလိုမျိုး - မြန်မာအာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ တပ်ဖွဲ့တွေကိုလည်း လက်နက်တွေ ကူညီဖို့ နိုင်ငံတကာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စိတ်ဓာတ်ရေးရာအရ ကူညီပံ့ပိုးပေးနေတာကို ကျေးဇူးတင်ကြောင်း၊ လက်နက်နဲ့ငွေကြေးလို ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ ရမယ်ဆိုရင် ပိုပြီးတော့ ကျေးဇူးတင်မိမှာ ဖြစ်ပါတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရိုက်တာသတင်းဌာနကို စာနဲ့ ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူ ၅ သိန်း ၆ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။

NUG ကတော့ အခုဆိုရင် တိုင်းနဲ့ပြည်နယ်အနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ ရှိနေပြီဖြစ်ပြီး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် စစ်အာဏာရှင်စနစ်ကို အရင်ဆုံး အမြစ်ဖြတ်ဖို့ လိုအပ်တယ်လို့ ပြောဆိုထားတာပါ။

ဒါကြောင့် ယူကရိန်းကို လက်နက်ကူညီပံ့ပိုးပေးသလိုမျိုး နိုင်ငံတကာအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူတွေကို လက်နက်တွေကူညီပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံရေးခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman၊​မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့နဲ့ မကြာသေးခင်က တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီတောင်းဆိုချက်အပေါ် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အီးယူ ဥရောပသမဂ္ဂကို ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ပေမဲ့ ချက်ချင်း တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

NUG ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ စစ်ကောင်စီကလည်း - ဦးရည်မွန်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်မှု မရှိသေးပါဘူး။

နိုင်ငံတကာက လက်နက်နဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နေတဲ့ ယူကရိန်းရဲ့ ခုခံတော်လှန်စစ်ကို NUG က ထောက်ခံခဲ့ချိန်မှာ ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အာဏာသိမ်းစစ်ကောင်စီက ထောက်ခံကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

K
2022-05-18 08:57

မြင်သာထင်သာ လက်နက်ဝယ်ယူခွင့်ရအောင်ပဲ အရင်ကြိုးစားပါအုံး ကာကွယ်ရေးဝန်ကြီးရယ်။