ဘဏ်လုပ်ငန်းရှင်တွေက CDM ဝန်ထမ်းတွေကို ဖိနှိပ်တာတွေမလုပ်ဖို့ NUG သတိပေး
ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်တွေအနေနဲ့ အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေအပေါ် ဖိနှိပ် ခြိမ်းခြောက်တာတွေမလုပ်ဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့ သတိပေး ထုတ်ပြန်လိုက်ပါတယ်။
ဩဂုတ် ၇ ရက်က ကြေညာထားတဲ့ “CDM ဘဏ်ဝန်ထမ်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်တာနဲ့ ခွဲခြားဆက်ဆံနေ တာတွေကို အမြန်ဆုံးရပ်တန့်ဖို့နဲ့ ဝန်ထမ်းတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းအပေါ် ပိတ်ဆို့ဟန့်တားနေ တာတွေကို အထူးရှောင်ကျဉ်ဖို့ ” ဆိုတဲ့ သတိပေးချက်ကို တိကျစွာ လိုက်နာရမယ်လို့ ဆိုပါတယ်။
ဒီကနေ့ ထုတ်ပြန်တဲ့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ CDM ဝန်ထမ်းတွေကို ဖိနှိပ်ခြိမ်းခြောက်တဲ့ ဘဏ်လုပ်ငန်းရှင်တွေကို ဘယ်လိုအရေးယူမယ်ဆိုတာ ထည့်သွင်း ဖော်ပြထားတာ မရှိပါဘူး။
ရန်ကုန်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီအလိုကျ ဘဏ်လုပ်ငန်းရှင်တွေကို အရေးယူပေးဖို့၊ ပြည်သူတွေ အပ်ထားတဲ့ငွေတွေကို ပြန်ထုတ်မပေးတဲ့ဘဏ်တွေနဲ့ ရာခိုင်နှုန်း မတန်တဆတောင်းပြီး ငွေအလွှဲအပြောင်း လုပ်ကိုင်နေသူတွေကို ဖော်ထုတ်အရေးယူဖို့ လိုတယ်လို့ RFA ကို ပြောပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး KBZ၊ AYA နဲ့ CB စတဲ့ ဘဏ်တွေ အပါအဝင် ပုဂ္ဂလိက ဘဏ်တချို့မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအချို့ CDM လှုပ်ရှားမှာ ပါဝင်ထားကြတဲ့အပေါ် စစ်ကောင်စီ ဘက်က ဖမ်းဆီးအရေးယူတာတွေ ရှိခဲ့ပါတယ်။