အခြေခံဥပဒေ အသစ် ပြန်လည်ရေးဆွဲရေးမူ တစညပါတီ လက်မခံ
2013.09.24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့မူကို လက်မခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ဗဟိုကော်မတီဝင်တွေက ဒီနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဒီနေ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာကျင်းပတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ဗဟိုကော်မတီဝင်တွေက သဘောထားထုတ်ပြန်ခဲ့တာပါ။
ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်မယ်ဆိုရင် လက်ခံမှာဖြစ်ပြီး အသစ်ရေးဆွဲတာကိုတော့ လက်မခံဘူးလို့ တစညပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက သူတို့သဘောထားကို အခုလိုပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံနဲ့ ပတ်သက်ပြီးတော့ အသစ်ပြန်လည်ရေးဆွဲရေးမူကို ကျနော်တို့က လက်မခံဘူးခင်ဗျ၊ ပြည်သူတွေအတွက် အရေးကြီးတဲ့ကဏ္ဍဆိုရင် အရေးကြီးတဲ့အချက်ကိုပဲ ပြင်ဖို့ပေါ့၊ တစ်ကပြန်စမယ်ဆိုရင် နောင် ၁ဝ နှစ်၊ ၁၃ နှစ် ကြာသွားမယ်လေ၊ အဲဒီလမ်းကြောင်းမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ နောက်ကျကျန်ရစ်မှာကြောက်လို့၊ ကျနော်တို့အဲဒါကိုတော့ လက်သင့်မခံဘူး၊ ဗဟိုကော်မတီရဲ့ အစီရင်ခံစာတွေ အကုန်လုံးထုတ်ဝေထားပါတယ်”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့အချက်တွေကို တစညပါတီကစုစည်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေဆီ ပေးပို့ထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။
တစညပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေထဲမှာ ပါတီကိုယ်စားလှယ် ၆၀ ကျော် နေရာရထားတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။