တစည ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တရားစွဲမယ်ပြော

ကြိုတင်မဲ ကောက်ယူတာတွေနဲ့ ပတ်သက်ပြီး တစည ပါတီက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို တခြားပါတီတွေနဲ့ ပေါင်းပြီး တရားစွဲဆိုမယ်လို့ RFAကို ပြောပါတယ်။

2010.11.06
USDP_party_election_305_z မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တောင်တွင်းကြီးမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရပ်ကွက်ကော်မရှင်၊ ရပ်ကွက်ဥက္ကဋ္ဌ စတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မြို့နယ်အတွင်း ရွာသူရွာသားတွေဆီကနေ ကြိုတင်မဲတွေကို နည်းမျိုးစုံနဲ့ ရယူနေတာ တွေ့ရတယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးမှာ တစည ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာကျော်ဆွေက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညက ကျောင်းကုန်းရွာမှာ ဖြစ်ပျက်ခဲ့တာကို ခုလိုပြောပါတယ်။

“ဟောပြောပွဲ သွားတဲ့နေရာမှာ အဲဒီက ရွာမှာ ညကြီးကို အချိန်မဟုတ်ဘဲနဲ့ ကြိုတင်မဲ ဆိုပြီးတော့ မဲတွေ ခေါ်ပေးနေတာ။ သူ့ရဲ့ ဥက္ကဋ္ဌရယ် ရယက ဥက္ကဋ္ဌရယ် နှစ်ယောက်ထဲ၊ ရွာထဲက လူတွေ အကုန်ခေါ်ပြီး မဲပေးခိုင်းနေတာ။ ကျနော်တို့ မြို့နယ်က တခြားပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ညှိပြီးတော့ တရားစွဲဖို့ လုပ်ထားတယ်”

အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြို့နယ်ကော်မရှင်ကို နှုတ်နဲ့ တိုင်ကြားပေမယ့် ဒေသတွင်းမှာ ကြိုတင်မဲ ကောက်ယူတာတွေ မရှိတော့ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၇) ကနေ (၆၀) အထိ အကုန်လုံး ချိုးဖောက်တာလို့။ အဲဒါကြောင့် ဒါ တရားမစွဲလို့ မရဘူး စွဲမှာ။ ဒီြ့ပင်နေရာတွေမှာလည်း ဒါမျိုးတွေ အများကြီး ဖြစ်နေတာ။ အဲဒါကြောင့် တောင်တွင်းကြီးမြို့နယ်ထဲမှာ မဲရုံ စိုက်မယ့် နေရာတွေ အကုန်လုံး ကျနော်တို့ ပါတီက ကိုယ်စားလှယ် လွှတ်ထားတယ်။ ကျနော်တို့ ကိုယ်စားလှယ် မရှိတဲ့ မဲရုံ ၂ ရုံပဲ ရှိတယ်။ အဲဒီက ကိုယ်စားလှယ်တွေကလည်း ခု ထပ် သတင်းပို့ထားတာ အခု အရမ်းများနေတယ်။ အဲဒါကြောင့် အကုန်လုံးစုပြီးတော့မှ တိုင်မယ်လို့ လုပ်ထားတာ။ မဲရုံမှာ မျက်မြင်သက်သေ လိုက်မယ့်သူတွေရော။ ကျနော်တို့ကိုယ်စားလှယ်တွေက ကိုယ်စားလှယ်လုပ်၊ ဟိုလူတွေက သက်သေလုပ်ပြီး တော့ ဒီလူတွေကို တရားခံ အဖြစ်နဲ့ တိုင်ကို တိုင်မှာ”

တောင်တွင်းကြီးမြို့နယ်အတွင်း ပါတီစုံက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၄ ဦး ရှိတဲ့အနက် ၄ ဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်း ၁၀ ဦး စုပေါင်းတိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နည်းဥပဒေအရ မသမာမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်း တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မကျင်းပရသေးခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်ပွဲခံဖို့ စီစဉ်နေပြီလို့ ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်း အောင်ပွဲခံ အခမ်းအနားတခု ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ နီစပ်သူတဦးကခုလိုပြောပါတယ်။

“ကြံ့ခိုင်ရေးက လူ ၃ ထောင်နဲ့ အောင်ပွဲခံဖို့ အကုန်လုံး ဖိတ်ထားပြီးပြီ။ ၈ ရက်နေ့ည။ GTI နေရာကို ကြံ့ဖွံ့ဆေးရုံဆိုပြီး လုပ်ထားတာ မကြာသေးဘူး။ အဲဒီဆေးရုံမှာ ရန်ကုန်တတိုင်းလုံးက စည်းရုံးရေးမှူး၊ ကိုယ်စားလှယ်အားလုံး လူ ၃ ထောင် ညစာစားပွဲ အကြီးအကျယ်ခင်းမယ်။ အောင်ပွဲခံမယ်။ ၈ ရက်နေ့ည”

ခုလို အောင်ပွဲခံနိုင်တာ လက်ရှိ ကောက်ခံရရှိပြီးဖြစ်တဲ့ ကြိုတင်မဲနဲ့တင် အနိုင်ရနေပြီ ဖြစ်တာကြောင့်လို့ ခန့်မှန်း ပြောဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း ကိုင်မယ့်သူ မရှိပါဘူး။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိတာတွေကို မေးမြန်းနိုင်ဖို့ သတင်းပြန်ကြားရေး တာဝန်ခံတဦး ထားရှိပေးဖို့ ပြီးခဲ့တဲ့အပတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေက တောင်းဆိုထားပေမယ့် ခုချိန်အထိ ပြန်ကြားရေးဌာန ဖွင့်လှစ် မပေးသေးသလို ပါတီနဲ့ ပတ်သက်ပြီး တာဝန်ခံ ပြောဆိုသူလည်း မရှိကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-06 17:10

ယနေ့ ကမ္ဘာ့လူသားများ အဓိက လိုလားနေသည်မှာ ငြိမ်းချမ်းရေးနှင့် သာယာ ဖွဲ့ဖြိုး တိုးတက်ရေး သာဖြစ်သည်။ဒီလိုအချိန်မှာ လက်တစ်ဆုပ်စာ ရှိသော မြန်မာပြည်မှာ စီးပွားဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ရမည့်အစား မညီမျသောအာဏာ ၊ နိုင်ငံရေးများနှင့်သာ လုံပန်းနေနေရတာ တကယ့်ကိုအားမရပါ။စီးပွားရေးမတောင့်တင်းရင် ကမ္ဘာ့အလယ် မြန်မာ့မျက်နှာ ငယ်နေမည်ပင်။ ဗုဒ်ဓယဉ်ကျေးမှုကို အခြေခံသော မြန်မာ့ လူ့ဘောင်မှာ တန်းတူညီမျှုခြင်း ပြည့်ဝသောဒီမိုကရေစီစနစ် ရှိရမည်။၎င်း စနစ် ပီပြင်ရင် ၁၀ စုနှစ်တစ်ခု အတွင်း မြန်မာပြည် တိုးတက်မှာသေချာသည်။

Anonymous
2010-11-06 22:08

ကြံဖွတ်ကျားကတော့ ခွေးကျင့်ခွေးကြံပဲ ကြံတတ်တာပါ