ဝန်ကြီးပြောစကား ရိုဟင်ဂျာ ခေါင်းဆောင် ဝေဖန်
2018.04.19
နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC (National Verification Card) ကိုင်ဆောင်ထားသူအားလုံး တစ်နိုင်ငံလုံးမှာ လွတ်လပ်စွာသွားလာခွင့် ရနေပြီဖြစ်ကြောင်း အဲဒီအတွက် လူဝင်မှုကြီးကြပ်ရေး ပုံစံ ၄ ကို ဖြည့်ရမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးက ပြောပါတယ်။
မနေ့က ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက သတင်းမီဒီယာသမားတွေရဲ့ မေးခွန်းကို ဖြေကြားခဲ့ တာဖြစ်ပါတယ်။
အခုလို ပုံစံ ၄ ကို ဖြည့်စွက်ပြီးချိန်မှာ လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုပေမယ့် ပုံစံ ၄ ရဲ့ မူလအဓိပ္ပါယ်ဖွင့်ဆိုချက် ဟာ နိုင်ငံခြားသားများ ခရီးသွားလာခွင့်လက်မှတ်သာဖြစ်တယ်လို့ ရခိုင်ပြည်နယ် မောင်းတောမြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ပြောပါတယ်။
လက်ရှိမှာ ဒုက္ခသည်များ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး လူဦးရေ ကန့်သတ်ထားတာ မရှိသလို နှောင့်နှေးနေ ရခြင်းဟာ လူဝင်မှုကြီးကြပ်ရေးက လိုအပ်တဲ့ ပြန်လည်လက်ခံရေး ပုံစံစာရွက်တွေဖြည့်ရာမှာ မပြည့်စုံတာတွေကို တွေ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးက ပြောပါတယ်။