မောင်ညမွှေးပစ်သတ်ခံရမှုနဲ့ တာဝန်ရှိရဲတွေကို အလုပ်ကနေ ထုတ်ဖို့ ယူတီကာမြို့မှာ ဆန္ဒပြတောင်းဆို

RFA Burmese
2024.07.13
မောင်ညမွှေးပစ်သတ်ခံရမှုနဲ့ တာဝန်ရှိရဲတွေကို အလုပ်ကနေ ထုတ်ဖို့ ယူတီကာမြို့မှာ ဆန္ဒပြတောင်းဆို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့တွင် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကရင်လူငယ် မောင်ညမွှေးအတွက် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့က ဆန္ဒပြနေစဉ်။
Citizen Photo

ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ် မောင်ညမွှေးအတွက် တရားမျှတမှုရဖို့နဲ့ ကျူးလွန်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ကနေ ထုတ်ပယ်ဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့မှာ ဇူလိုင်လ ၁၃ ရက်နေ့က ရာနဲ့ချီတဲ့မြို့ခံတွေနဲ့ အမေရိကန်ရောက် မြန်မာတချို့ ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ယူတီကာမြို့ ကရင်လူမှုအဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ စောဒန်နီရယ်က မောင်ညမွှေးအတွက် တရားမျှတမှုရဖို့ ဆန္ဒပြကြတာလို့ ပြောပါတယ်။

"ညမွှေးရဲ့ အမှုကို တရားမျှတစွာဖြေရှင်းပေးဖို့အတွက်၊ ပြီးလို့ရှိရင် ပြစ်မှုကျူးလွန်တဲ့ရဲတွေကို ရဲဌာနကနေ ထုတ်ပယ်ပေးဖို့ အဲဒါ အဓိက၊ ပြီးလို့ရှိရင် ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေက တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာစွာ ဖြစ်ဖို့ ကျွန်တော်တို့က ချီတက်ထုတ်ဖော် ဆန္ဒပြတာပါ"

နယူးယောက်ပြည်နယ်မှာရှိတဲ့ မြို့တွေက ကရင်နဲ့ တခြားတိုင်းရင်းသားတွေအပြင် ဗာဂျီးနီးယား၊ အင်ဒီယားနား၊ မင်နီဆိုးတား၊ ကယ်လီဖိုးနီးယား၊ အိုဟိုင်းယိုး စတဲ့ပြည်နယ်တွေက မြန်မာနိုင်ငံသား ခြောက်ရာဝန်းကျင်လည်း ဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရဲဌာနကနေ ထုတ်ပယ်ဖို့အပြင် တရားဥပဒေအရ ထိရောက်စွာအရေးယူဖို့၊ စုံစမ်းစစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ဖို့၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသားအရောင် ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ စတဲ့ အချက်တွေကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဇွန်လ ၂၈ ရက်နေ့ညက ယူတီကာမြို့မှာ လမ်းလျှောက်သွားနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ညမွှေးကို ရဲတပ်ဖွဲ့က တားမြစ်စစ်ဆေးစဉ် အစစ်မခံဘဲ ထွက်ပြေးတာကြောင့် ဖမ်းဆီးချုပ်နှောင်ရင်း ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့ သေနတ်ပစ်ခတ်ခံရပြီး မောင်ညမွှေး သေဆုံးခဲ့တာပါ။

ယူတီကာ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကတော့ မောင်ညမွှေးလက်ထဲမှာ သေနတ်တွေ့ရှိတာကြောင့် ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ကနဦး သတင်းစာရှင်းလင်းပွဲမှာ မြို့ခံတွေကို ရှင်းပြခဲ့ပြီးနောက်ပိုင်း အဲဒီသေနတ်ဟာ သေနတ်အစစ်မဟုတ်ဘဲ အစစ်နီးပါးတူတဲ့ Glock 17 Gen 5 ပြောင်းတိုလေသေနတ်အမျိုးအစားဖြစ်တယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ လတ်တလောမှာ ဒီပစ်ခတ်မှုမှာပါဝင်တဲ့ ယူတီကာရဲတပ်ဖွဲ့ဝင် သုံးဦးကို ရဲတာဝန်တွေကနေ ရပ်ပြီး ရုံးတွင်းလုပ်ငန်းတွေလုပ်ဖို့ ရွှေ့ပြောင်းထားပါတယ်။

မောင်ညမွှေးဟာ ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းမှာ မွေးဖွားကြီးပြင်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို သူတို့မိသားစု ရောက်လာတာ ကိုးနှစ်ဝန်းကျင်ရှိပါပြီ။ အသက် ၁၃ နှစ်အရွယ် မောင်ညမွှေးဟာ ပြီးခဲ့တဲ့ ဇွန်လကမှ ရှစ်တန်း အောင်မြင်ခဲ့ပြီး အထက်တန်းတက်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။