ကရင်နှစ်သစ်ကူးနေ့ကို ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်ခဲ့

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2022.12.22
ကရင်နှစ်သစ်ကူးနေ့ကို ကရင်တိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ မဖြတ်သန်းနိုင်ခဲ့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်ကနေ ထွက်ပြေးခဲ့ကြသည့် စစ်ဘေးဒုက္ခသည်များ။
MPA

ဒီဇင်ဘာ ၂၂ ရက်နေ့ဟာ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးအခါသမယဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာတော့ ဒေသခံတွေ နှစ်သစ်ကူးမှာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက နှစ်သစ်ကူးနေတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြေင့် ဒေသခံရာနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကော့ကရိတ်မြို့က စစ်ဘေးဒုက္ခသည် လူငယ်တစ်ဦးက ပြောပါတယ်။

“စစ်ရေးအခြေအနေကတော့ နေ့တိုင်းလိုလို လက်နက်ကြီးကျတာပဲ။ ပြည်သူတွေကတော့ နှစ်သစ်ကူးနေ့မှာ မဖြစ်စေချင်ဘူးပေါ့။ အရင်ကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ အိမ်တိုင်းလိုလို ရွာတိုင်းလိုလို နှစ်သစ်ကူးကျင်းပကြတယ်။ ဒီနှစ်ကတော့ အဲ့လိုမျိုးမရှိတော့ဘူး၊ ဘာမှခံစားမှု မရှိတော့ဘူး။”

ဒီဇင်ဘာ ၂ဝ ရက်နေ့မှာလည်း ကော့ကရိတ်မြို့နယ် ကော့နွှဲရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သား တစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။

အရင်က ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတွေကို ကရင်လူမျိုးတွေ စည်စည်ကားကား ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကေအန်ယူ ထိန်းချုပ်နယ်မြေတချို့မှာပဲ နှစ်သစ်ကူးနေ့အခမ်းအနားတွေကို အကျဉ်းချုံးကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကေအန်ယူနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် လေးကေ့ကော်မြို့သစ်ထဲကနေ ထွက်ပြေးခဲ့ကြပြီး သောင်ရင်းမြစ်ဘေးမှာ စစ်ဘေးရှောင်နေသူ အခုထိ ရှစ်ထောင်ကျော်ရှိပါတယ်။

ဒီနှစ်မှာလည်း သောင်ရင်းမြစ်ဘေးက ဒုက္ခသည်တွေ နှစ်သစ်ကူးပွဲ မဆင်နွှဲနိုင်ကြပါဘူး။ သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည် စောနိုဘယ်လ် ကတော့ နောက်နှစ်တွေမှာ နေရပ်ပြန်ပြီး နှစ်သစ်ကူးပွဲ ကျင်းပနိုင်ဖို့ မျှော်လင့်နေပါတယ်။

“လေးကေ့ကော်မှာ နေတုန်းကတော့ နှစ်တိုင်း(နှစ်သစ်ကူးပွဲ)လုပ်တယ်။ မနှစ်ကတော့ မလုပ်ဖြစ်လိုက်ဘူး။ မနှစ်က အဲ့အချိန် ပြေးနေပြီလေ။ ခရစ္စမတ်တောင် မကျင်းပရဘူး။ နောက်နှစ်တွေမှာတော့ အရင်လိုပဲ ကိုယ့်နေရပ်ဒေသမှာ ကောင်းကောင်းမွန်မွန်နဲ့ပဲ နှစ်သစ်ကူးပွဲ ကျင်းပချင်တယ်။“

316574130_3394776190779263_6624741733960839978_n (1).jpg
သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည်စခန်း။ (Photo: Citizen Journalist)

ကရင်ပြည်နယ်ဟာ အာဏာမသိမ်းခင်ကတည်းက စစ်ဘေးဒဏ် ခံနေရတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ လေကြောင်းရော မြေပြင်ကပါ တိုက်ခိုက်မှုဒဏ်တွေကို ခံနေရတာဖြစ်ပါတယ်။
ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG)က ပြောရေးဆိုခွင့်ရှိသူ ကိုစောနန္ဒဆူးက ကရင်ပြည်သူတွေ စစ်ဘေးဒဏ်ကနေ အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ အဆိုးဆုံးပေါ့။ အခုချိန်ထိ လေကြောင်း မြေကြောင်း တိုက်ခိုက်မှုတွေက ကရင်ပြည်နယ် ဒေသအနှံ့မှာ ဖြစ်နေတော့ ကရင်ပြည်သူလူထုက အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်။ အထူးသဖြင့် စစ်ဘေးစစ်ဒဏ် ဆိုးရွားစွာခံစားနေရတာက တပ်မဟာ ၁၊ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅၊ တပ်မဟာ ၆တို့လိုနေရာဒေသတွေက ဘယ်လိုမှ ငြိမ်းချမ်းတဲ့ဒေသတွေ မဟုတ်နေဘူး။ လုံခြုံမှုလုံးဝ မရှိဘူး။ ကျွန်တော်တို့ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်တွေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ မျှော်လင့်တယ်ပေါ့လေ။ သို့ပေမယ့်လည်း လက်တွေ့မှာ မဖြစ်နိုင်သေးဘူး။ ဘာလို့ဆို တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်။ ပြည်သူကလည်း ဒုက္ခရောက်နေကြတယ်။”

ကရင်အမျိုးသားတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး ဖိနှိပ်မှုအပေါင်းကနေ ကင်းဝေးပြီး အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး က ဆုတောင်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူတွေ လုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ဖြတ်သန်းနေရတဲ့အတွက် ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ KNLA တပ်တွေအကြား တိုက်ပွဲပေါင်း ခုနစ်ထောင်နီးပါးရှိနေတာပါ။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် သုံးသိန်းကျော်ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။