နိုင်ငံတကာဝေဖန်ချက်ကို ကုလသမဂ္ဂမှာ စစ်အစိုးရဝန်ကြီး တုံ့ပြန်
2010.09.29

လာမဲ့ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ယှဉ်ပြိုင်မှာ ဖြစ်လို့ ဒါဟာ အားလုံး ပါဝင်ခွင့် ပေးထားတာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေကို စနစ်တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။
“ကိုယ်စားလှယ်ပေါင်း သုံးထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ဒီ ယှဉ်ပြိုင်မှု ပမာဏကို ကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ သူတို့ရဲ့ မဲဆွယ် စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် ရွေးဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမဲ့ အစိုးရကိုင်စွဲမဲ့ မူဝါဒကိုလည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ရွေးကောက်ပွဲ အပြီးမှာ ပေါ်ထွန်းလာမဲ့ အစိုးရသစ်ဟာလည်း ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာအောင် ထိန်းသိမ်း မြှင့်တင်ပြီးတော့ ကုလသမဂ္ဂနဲ့လည်း အတူတကွ ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ပါတယ်။”
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးက နောင်တက်လာမဲ့ အစိုးရရဲ့ မူဝါဒကို အခုလို ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။
“နောင်တက်လာမဲ့ အစိုးရကိစ္စကို သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ နောင်တက်လာမဲ့ အစိုးရက ဒါ မျှော်လင့်တယ်ပဲ ပြောရမှာပဲလေ။ ဆိုတော့ သူက နောင်တက်လာမဲ့ အစိုးရ ဒီလိုဖြစ်တယ်ဆိုတော့ သူတို့ ကိုယ်တိုင်ပဲ အစိုးရ ဆက်လုပ်မှာပဲ ဆိုတဲ့ သဘောထားက သူတို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာက သူတို့ လက်ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ ပုံစံကို ဒါက သူက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားကို indirectly ဖော်ပြတာပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးပဲ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရမဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြီးမှူးကျင်းပခဲ့တဲ့ မြန်မာ့ မိတ်ဆွေများ နိုင်ငံများ ဆွေးနွေးပွဲက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ ပါဝင်သလို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့လည်း ပါဝင်ပါတယ်။