ကြံ့ခိုင်ရေးပါတီတိုင်ကြားမှု သက်ရောက်မှုမရှိဘူးလို့ ဦးဉာဏ်ဝင်း တုန့်ပြန်


2017.05.09
nyanwin-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: RFA

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦး၊ ဦးဝင်းထိန် တို့ကို ဥပဒေအရ အရေးယူပေးဖို့အတွက် တိုင်ကြားထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ တိုင်ကြားစာဟာ သက်ရောက်မှု မရှိဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

တိုင်ကြားမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း NLD ကို အကြောင်းကြားလာတာ မျိုးမရှိသေးဘူးလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ဦးဉာဏ်ဝင်းက ပြောပါတယ်။

"ပြောနိုင်တာကတော့ ကျနော်တွေ့တဲ့စာရွက်မှာက သူတို့က  စိတ်ကူးထဲမှာဖြစ်လာတဲ့ဟာပေါ်မှာ မူတည် ပြီးတော့  ဥပဒေချိုးဖောက်တယ်ဆိုပြီးတော့ ဒီလိုစွပ်စွဲတာ၊ တကယ်အကြောင်းအရာတွေကို ဘယ် အကြောင်းဆိုတာမျိုး မပါပါဘူးခင်ဗျ၊ အဲဒါကြောင့်မို့လို့ ဒါ No  case ပါပဲဗျ၊ သက်ရောက်မှု သိပ်မရှိဘူး ၊ နောက် အာဏာပိုင်ဖြစ်တဲ့  ကော်မရှင်ကလည်း ဘာလုပ်မယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူးဗျ။"

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံပိုင်မီဒီယာတွေကနေ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က အစိုးရတစ်နှစ်ပြည့် မိန့် ခွန်းပြောကြားရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးနဲ့ ပြောကြားခဲ့တယ်ဆိုပြီး ကြံ့ခိုင်ရေး ပါတီနဲ့ မိတ်ဖက်ပါတီ ၁၂ ခုက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတာ ဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ပါဝင်တဲ့ "ပြည်သူနဲ့အတူ" ဆိုတဲ့ ဆောင်ပုဒ်ဟာ ပါတီမဲဆွယ်ပေးတဲ့ပုံစံ မျိုးနဲ့ ပြောကြားခဲ့တာဖြစ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နဲ့ မညီဘူးဆိုပြီး အဲဒီ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုမှာ ဘယ်ပါတီကမှ မဲဆွယ် စည်းရုံး တာမျိုးတွေကို မလုပ်ရဆိုပြီး ရွေးကောက်ပွဲဥပဒေမှာ ပါရှိထားပေမယ့် NLD နာယက သူရ ဦးတင်ဦးနဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်တို့ကလည်း မတ်လ ၃၁ ရက်နေ့က နိုင်ငံပိုင် မီဒီ ယာကနေ ပါတီမဲဆွယ်တဲ့အနေ နဲ့ ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလိုမျိုး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် သူရဦးတင်ဦးနဲ့ ဦးဝင်းထိန်တို့ကို ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်ထံ တိုင်ကြားဖို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက နေပြည်တော် ပါတီဌာနချုပ်မှာကျင်းပတဲ့ ပါတီညီလာခံကနေလည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။