ရခိုင်က စစ်ဘေးဒုက္ခသည်တွေ စောင်နဲ့အနွေးထည်တွေ လိုအပ်

2021.12.01
ရခိုင်က စစ်ဘေးဒုက္ခသည်တွေ စောင်နဲ့အနွေးထည်တွေ လိုအပ် ကျောက်တော်မြို့နယ်က ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁ ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်ထဲက ရှစ်သောင်းကျော်လောက်ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ အခု ဆောင်းရာသီမှာ စောင်နဲ့အနွေးထည် အခက်အခဲ ဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည် ခုနှစ်ရာကျော်ရှိတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည် စခန်းမှာဆိုရင် ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေအတွက် စောင်နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်တယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် မြတ်လေး စစ်ဘေးဒုက္ခသည်စခန်းမှာ လူဦးရေ ၆၀၀ ကျော်ရှိပြီး မနှစ်က လာလှူတဲ့ အနွေးထည်တွေ ပျက်စီးကုန်တာမို့ အဖွဲ့အစည်းတွေအနေနဲ့ ထပ်လှူစေချင်တယ်လို့ စခန်းတာဝန်ခံက ဆိုပါတယ်။

ရသေ့တောင်၊ မြောက်ဦး၊ မင်းပြားစတဲ့ ဒုက္ခသည်စခန်းတွေမှာလည်း စောင်နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အခုအချိန်အထိ စောင်နဲ့အနွေးထည်တွေ လာရောက်ကူညီကြတာလည်း မရှိသေးတာကြောင့် ဒီထက် ပိုချမ်းအေးလာရင် ရာသီဥတုဒဏ် အတော်လေးကို ခံရနိုင်မယ်လို့လည်း စခန်းတာဝန်ခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီကတော့ စောင်နဲ့အနွေးထည်တွေ ကူညီပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ရက္ခိုင့်တပ်တော် (AA) တို့ နှစ်နှစ်တာ စစ်ရေးပဋိပက္ခအတွင်း ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ရသူ နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။

လက်ရှိ တိုက်ပွဲတွေ ရပ်စဲနေတာ တစ်နှစ်ကျော်သွားချိန် စစ်ဘေးဒုက္ခတွေလည်း နေရပ်ပြန်ကြပေမယ့် ရွာအနီးမှာ စစ်တပ်က တပ်စွဲထားတာ၊ လမ်းခရီးမှာ မိုင်းအန္တရာယ်ရှိနေတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး ခံရတာတွေကြောင့် နေရပ် မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော် ရှိနေသေးတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။