ညောင်ဦးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်အပါအဝင် လေးဦးအဖမ်းခံရ

RFA Burmese
2023.01.19
ညောင်ဦးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်အပါအဝင် လေးဦးအဖမ်းခံရ ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်အား တွေ့ရစဉ်။
Myanmar Digital News

မန္တလေးတိုင်း ညောင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင် အပါအဝင် လေးဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်က သူတို့နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ဒီနေ့ပြောပါတယ်။

“ညောင်ဦး NLD ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်ရယ်၊ သူ့သား ခိုင်သီဟ၊ သူ့တူတစ်ယောက်ရယ် ရန်ကုန်ကလာတဲ့ ဧည့်သည်တစ်ယောက်ရယ် အားလုံး လေးယောက် အဖမ်းခံရတယ်။ ၁၇ ရက်နေ့ ည ၉ နာရီခွဲ လောက်မှာ ပါသွားတာ။ ကားတစ်စီးလည်း သိမ်းသွားတယ်။ အရင်က သူက ရှောင်နေတာ။ အခု ဘယ်လိုလုပ်ပြီး ပြန်ရောက်လာတာလဲ မသိရဘူး”

ဦးဝင်းမြင့်ခိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ မန္တလေးတိုင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကနေ သတင်းတွေ ဖော်ပြပေးနေတဲ့ စစ်တပ်လော်ဘီ တယ်လီဂရန် စာမျက်နှာတွေမှာတော့ ဦးဝင်းမြင့်ခိုင်ဟာ မကွေးတိုင်း မြစ်ခြေဘက်ကို တိမ်းရှောင်နေသူ တစ်ဦးဖြစ်ပြီး မြစ်ခြေကနေ ညောင်ဦးကို PDF အဖွဲ့ဝင်တွေနဲ့အတူ လျှို့ဝှက်ပြန်ရောက် လာတဲ့အချိန်မှာ ဖမ်းဆီးမိတာလို့ ရေးသားဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါး ကာလအတွင်းမှာ NLD ပါတီဝင် ၁၂၈၀ ကျော် အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းကောက်ယူရေး အဖွဲ့က ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ  ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လို့ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၃,၆၀၇ ဦးရှိပြီး အဲဒီအထဲက ၂၁၄၁ ဦးက ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။