ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရမှု ဖမ်းဆီးခံရသူ ၃ဝ ကျော်အထိ ရှိလာ

2023.05.02
ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရမှု ဖမ်းဆီးခံရသူ ၃ဝ ကျော်အထိ ရှိလာ ဝေါမြို့နယ် (ပကဖ) နှင့် ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) ပြောက်ကျားတပ်ဖွဲ့တို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Bago Region PDF

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် စံပြရွာက ရဲစခန်းကို ဧပြီလ ၂၇ ရက်မှာ PDF ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်ပြီးနောက် ဒေသခံတွေ ဆက်တိုက်ဖမ်းဆီးခံရပြီး အခု နောက်ထပ် ၁၄ ဦးကိုပါ ထပ်ဖမ်းသွားတယ်လို့ ဝေါဒေသခံတွေက RFA ကိုပြောပါတယ်။

ဧပြီလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဒေသခံ ၂၀ ကျော်ဖမ်းဆီးခံရပြီး မေလ ၁ ရက်‌မှာ နောက်ထပ် တစ်ကြိမ် ၁၄ ဦးကိုပါ ဖမ်းဆီးခဲ့တာကြောင့် စုစုပေါင်းဖမ်းဆီးခံရသူ ၃၀ ကျော်လာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

မေလ ၁ ရက်မနေ့က ဝေါမြို့နယ် ချောင်းကျိုးရွာက ဒေသခံ ၁၀ ဦးနဲ့ ဖိုးစပါယ်ရွာခံ လေးဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝေါဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က အရပ်သားတွေကို ရိုက်နှက်စစ်ဆေးပြီး ဖမ်းသွားတယ်။ ဖမ်းထားတဲ့အထဲ အမျိုးသားတွေနဲ့ လင်မယားနှစ်ယောက် စုံတွဲတစ်တွဲပါတယ်။ သူတို့ကို ဘုရားကြီး အမြောက်တပ်က စစ်ကြောရေးစခန်းကို ပို့လိုက်တယ်"

အရင်ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀ ကျော်လည်း ပြန်လွတ်လာတာမရှိသေးသလို အဆက်အသွယ်လည်းမရကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်မှုကို ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၁) တို့ ပူးပေါင်းလုပ်ခဲ့တာဖြစ်ပြီး ရဲတစ်ဦးသေဆုံးခဲ့တယ်လို့ ပဲခူးစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေဖမ်းဆီးခံရမှုကို အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေကြားခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၇,၇၂၆ ဦးရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။