ဝေါမှာ သံသယနဲ့ဖမ်းဆီးခံရသူတွေထဲက ငါးဦးသေဆုံးကြောင်း အကြောင်းကြားလာ

RFA Burmese
2023.06.19
ဝေါမှာ သံသယနဲ့ဖမ်းဆီးခံရသူတွေထဲက ငါးဦးသေဆုံးကြောင်း အကြောင်းကြားလာ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှ ညောင်ခါးရှည် ရဲစခန်းအား တွေ့ရစဉ်။
ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စံပြရွာက ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၃၀ ကျော်ထဲက ငါးဦးသေဆုံးကြောင်း သက်ဆိုင်ရာမိသားစုဝင် တွေကို အကြောင်းကြားလာတယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။

အဲဒီရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဧပြီလ ၂၇ ရက်မှာ တိုက်ခိုက်ခဲ့ပြီးကတည်းက သံသယနဲ့ဖမ်းဆီးခဲ့ထားရတာဖြစ်ပြီး အခုရက်ပိုင်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတွေက အကြောင်းကြားလာတာလို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဇွန်လ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ဖိုးစပါယ်ရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်၊ အသက် ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ အသက် ၄၅ နှစ်အရွယ် ကိုဆံရှည်နဲ့ ကျုံပါရွာက အသက် ၆၀ အရွယ် ဦးမြသိန်း၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့အတွက် နာရေးလုပ်နိုင်ပြီ ဖြစ်ကြောင်း မိသားစုဝင်တွေကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

အဲဒီအထဲမှာ တစ်ဦးရဲ့အလောင်းကိုသာ သက်ဆိုင်ရာမိသားစုဝင်တွေ ကြည့်ခွင့်ရခဲ့ပေမယ့် ကျန်လေးဦးရဲ့ အလောင်းတွေကိုတော့ မြင်တွေ့ခွင့်မရသလို သေဆုံးတဲ့အချိန်ကိုလည်း မသိရဘူးလို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက RFA ကိုပြောပါတယ်။

"ကျုံပါရွာက ကိုကျော်မြင့်သိန်းရဲ့ အလောင်းကိုတော့ ပြီးခဲ့တဲ့လထဲမှာ မိသားစုဝင်တွေ ကို ခေါ်ပြတယ်။ သူက ဝင်ဖမ်းတဲ့အချိန် အိမ်အမိုးမိုးနေရာက ထွက်ပြေးတာကို ပစ်ဖမ်းခံရတာ။ ကျန်တဲ့သူတွေကတော့ အလောင်းလည်းမမြင်ရဘူး။ ဘယ်အချိန် သေတာမှန်းလဲ မသိရဘူး"

အကြောင်းကြားလာတဲ့ ငါးဦးထဲမှာ ကိုဆံရှည်နဲ့ ကိုကျော်မြင့်သိန်းတို့ နှစ်ဦးဟာ စတင်ဖမ်းဆီးချိန်ကတည်းက ပစ်ခတ်ဖမ်းဆီးခံရပြီး ကားပေါ်ပစ်တင်ခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီကိစ္စပတ်သက်ပြီး သက်ဆိုင်ရာမိသားစုဝင်တွေကို RFA ကဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လုံခြုံရေးအခြေအနေကြောင့် ဖြေကြားနိုင်ခြင်းမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ညောင်ခါးရှည်ရဲစခန်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၇ ရက်မှာ PDF ပူးပေါင်းတပ်ဖွဲ့ တွေတိုက်ခိုက်ပြီးနောက် ဧပြီလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ဒေသခံ ၂၀ ကျော်နဲ့ မေလ ၁ ရက်‌မှာ နောက်ထပ်တစ်ကြိမ် ၁၄ ဦး၊ စုစုပေါင်း ၃၀ ကျော် သံသယနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကျန်တဲ့ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကိုတော့ ဒေသခံတွေမသိရှိသလို RFA အနေနဲ့ လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်စပြီး သေဆုံးခဲ့တဲ့အရပ်သား ၃,၆၆၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။