ညောင်လေးပင်မှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံး၊ ၁၃ ဦး ဒဏ်ရာရ
2023.09.06

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၅ ရက် မနေ့မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၃ ရက်မနက်ပိုင်းက ကျောက်ကြီးမြို့နယ်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ - ၃ ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးရော လေကြောင်းကပါ တိုက်ခိုက်ခဲ့တာကြောင့် ဟော်ခိုဝေါ် (ငထွေဆုပ်) ရွာခံ အသက် ၁၂ နှစ် အရွယ် စောလားခူဝါးသေဆုံးခဲ့သလို ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် မျက်ရဲ ကရင်ရွာ၊ ဟော်ခိုဝေါ် (ငထွေဆုပ်)၊ ဆေးပုလဲ၊ မိဿလင်၊ မျက်ရဲ ဗမာရွာက ဒေသခံသုံးထောင်နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU က ပြောပါတယ်။
စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာလည်း မုန်းမြို့နယ်၊ ပရဲစီရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၃ နှစ်အရွယ် စောကျော်ဟိန်း သေဆုံး ခဲ့ပြီး အရပ်သားသုံးဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ရွှေကျင်မြို့နယ်ထဲက ညောင်ပင်ကြီးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သားငါးဦး ဒဏ်ရာရခဲ့တယ်လို့လည်း KNU ဘက်က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်လေးပင်ခရိုင် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ နေ့စဉ် ပစ်ခတ်နေသလို စစ်ဆေးရေးဂိတ်တွေမှာလည်း ဆန်ကို အိတ်လိုက်ပေးမသယ်ဘဲ ပြည်အရေအတွက်နဲ့သာသယ်ဖို့ ကန့်သတ်လာတယ်လို့ RFA ကို ပြောပါတယ်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာလည်း စက်တင်ဘာလ ၅ ရက်က လေကြောင်း တိုက်ခိုက်မှုတွေရှိလို့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ KNU က စက်တင်ဘာ ၆ ရက်ဒီနေ့မနက်မှာ ထပ်မံထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီးဦးတင်ဦးကတော့ ညောင်လေးပင်ခရိုင်ထဲမှာ နယ်မြေ တည်ငြိမ်အေးချမ်းရေးဆောင်ရွက်နေပြီး အရပ်သားတွေ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးသေဆုံးပြီး ၃၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။