ညောင်လေးပင်မှာ လက်နက်ကြီးကြောင့် ကလေးငယ်တွေ အပါအဝင် ရှစ်ဦးဒဏ်ရာရ
2023.11.01

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သားရှစ်ဦး ဒဏ်ရရခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ ခလရ - ၂၆၄ တပ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျောက်ကြီးမြို့နယ် တောင်ခင်ရွာက အသက် ၁၃ နှစ်အရွယ် မအိရွှေစင်၊ အသက် ၁၈ နှစ်အရွယ် မသွန်းရွှေစင်၊ အသက် ၅၅ နှစ်အရွယ် ဒေါ်သေးသေးနဲ့ အသက် ၅၈ နှစ်အရွယ် ဦးထွေးတင်တို့ ဒဏ်ရာရခဲ့တာပါ။
အဲဒီနေ့ ညပိုင်းမှာတော့ စစ်ကောင်စီရဲ့ ခမရ - ၂၀ တပ်က လက်နက်ကြီးတွေနဲ့ ထပ်မံ ပစ်ခတ်တာကြောင့် ရွှေကျင်မြို့နယ် ရေဖြူကန်ရွာက အသက် တစ်နှစ်ခွဲအရွယ် မောင်မင်းခန့်ဇော်၊ သုံးနှစ်အရွယ် မယွန်းယွန်း၊ ၂၈ နှစ်အရွယ် မခင်မိုးဝေနဲ့ အသက် ၂၇ နှစ်အရွယ် ကိုရန်ဝင်းအောင်တို့ ဒဏ်ရာရခဲ့တယ်လို့ လထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်လေးပင်ခရိုင်ထဲမှာ လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ဆက်ရှိနေပြီး အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ဘေးဒုက္ခသည် ငါးထောင်ခန့် ထပ်တိုးလာတယ်လို့လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောထားပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်မှုတွေနဲ့ ပတ်သက်တဲ့ KNU ရဲ့ ထုတ်ပြန်ချက်ကို အတည်မပြုနိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“KNU အဖွဲ့အစည်းက တရားဝင်အဖွဲ့အစည်းလို့ ယူဆပါသလား။ KNU အဖွဲ့အစည်းက တရားဝင်အဖွဲ့အစည်း မဟုတ်သလို သောင်းကျန်းသူ အဖွဲ့အစည်းသာ ဖြစ်တဲ့အတွက် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းက ထုတ်ပြန်တဲ့ကြေညာချက်အတွက် ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး”
ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲမှာ အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်ထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ ပျက်စီးသွားတယ်လို့လည်း KNU က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
RFA ရဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။