ညောင်လေးပင်ခရိုင်မှာ အရပ်သားတစ်ဦး ပစ်သတ်ခံရ၊ နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရ
2023.05.05

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် က အရပ်သားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မေလ ၅ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မုန်းမြို့နယ် နတ်သံကွင်းမြို့က အသက် ၂၃ နှစ်အရွယ် စေလေးလေးထူးကို မေလ ၃ ရက်နေ့ ညပိုင်း အလုပ်က ပြန်လာစဉ် စစ်ကောင်စီတပ်က နတ်သံကွင်းဆေးရုံရှေ့မှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကျောက်ကြီးမြို့နယ် ကျောက်မော်ဘုရားကြီးရွာသား အသက် ၄၀ အရွယ် စောအယ်မူးကို စစ်ကောင်စီတပ်က ဧပြီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးသွားပြီး မေလ ၃ ရက်နေ့မှာတော့ ခန္ဓာကိုယ်ကို ဓာတ်ဆီနဲ့လောင်း မီးရှို့ ညှဉ်းပန်းနှိပ်စက်ပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ထံမှာ တစ်လကြာ ဖမ်းဆီးခံရပြီး ဧပြီလ ၂၂ ရက်နေ့ကမှ ပြန်လည် ထွက်ပြေးလွတ်မြောက်လာတဲ့ မုန်းမြို့နယ် သပြေညွန့်ရွာသား အသက် ၂၂ နှစ်အရွယ် စောလိုလို ကိုလည်း ဖမ်းဆီးခံထားရချိန် နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့တာကြောင့် လက်ရှိ အချိန်ထိ ဆေးကုသနေရတယ်လို့ KNU က ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာမရှိသေး သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားတာတွေရှိပြီး စစ်ကောင်စီ တပ်က ရပ်ရွာတွေထဲကို လက်နက်ကြီးပစ်တဲ့အတွက်လည်း အရပ်သားတွေ ထွက်ပြေး နေရတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါ တယ်။
KNU ထိန်းချုပ်နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ မတ်လအထိ သုံးလအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄၀ ဦးသေဆုံးခဲ့ပြီး ၁၄၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက မေလ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ၂၀၂၃ မတ်လအထိ စစ်ဘေးဒုက္ခသည် ဦးရေ ငါးသိန်းကျော်ထိရှိလာတယ်လို့ KNU က RFA ကို ပြောဆိုထားပါတယ်။
KNU ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်း တပ်မဟာခုနစ်ခုခွဲပြီး နယ်မြေတချို့ကို ထိန်းချုပ်ထားပါတယ်။