၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲခဲ့တဲ့နေရာကို စိုက်ပျိုးမွေးမြူရေး သင်တန်းခန်းမအဖြစ် ပြောင်းမည်
2019.01.12

အမျိုးသားညီလာခံကျင်းပပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့တဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ ညောင်နှစ်ပင်ခန်းမကို စိုက်ပျိုးမွေးမြူရေး သင်တန်းခန်းမအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ ကုန်သည်ကြီးများအသင်းချုပ် UMFCCI မှာ ဒီနေ့ပြုလုပ်တဲ့ ဒုတိယ သမ္မတ၊ လုပ်ငန်းရှင်တွေနဲ့ တွေဆုံပွဲမှာ အခုလိုပြောခဲ့တာပါ။
ဧက ၅၀၀ ကျော် ကျယ်ဝန်းတဲ့ ညောင်နှစ်ပင် မွေးမြူရေးဇုန်ကိုလည်း အဆင့်မြှင့်တင်တာတွေ ပြုလုပ်မှာဖြစ်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိ ညောင်နှစ်ပင်မွေးမြူရေးဇုန်မှာ အသင်းအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေက မြေတွေကို ခွဲဝေယူထားပြီး လုပ်ငန်းဆောင်ရွက်တာ မရှိတာကိုလည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။
လက်ရှိ ညောင်နှစ်ပင်မွေးမြူရေးဇုန်မှာ ဧက ၁၀၀ ကို ရှေ့ပြေးစီမံကိန်းအနေနဲ့ လုပ်ဆောင်ခဲ့ပြီး သမဝါယမစနစ်နဲ့ ပြုလုပ်ရာမှာ နိုင်ငံခြားကို ပို့ရလောက်တဲ့အထိ အောင်မြင်မှုရရှိတယ်လို့ ပြောပါတယ်။
ဒီညောင်နှစ်ပင် စိုက်ပျိူးမွေးမြူရေးဇုန်ကို အောင်မြင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရက တိုက်ရိုက် ကွပ်ကဲလုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။