ရဲထံက သေနတ်ကိုလုလို့ ပစ်ရတယ်ဆိုတာ ငြင်းဆို
2014.08.18

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေး ရွာက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက်တဲ့ တောင်သူတွေနဲ့ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ပွားစဉ် တောင် သူတွေက သေနတ်တွေကို လုတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်တာဖြစ်တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦး ရဲ့ ပြောကြားချက်တွေဟာ မမှန်ကန်ကြောင်း တောင် သူတွေက ဒီနေ့ ပြောပါတယ်။
ညောင်ဝန်းကျေးရွာမျာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ညောင်ဝန်းကျေးရွာက တောင် သူ ဒေါ်မိုးဆွေက အခုလို ပြောပါတယ်။
"မနွဲ့ရီ အိမ်ခြံထဲကနေပြီးတော့ သူတို့ပစ်ခတ်တာတွေ ကို ကျမမြင်ခဲ့ရပါတယ်၊ ရွာသူတစ်ယောက်ဆို သူ့သမီးလေးရဲ့ ကျောင်းကပွဲမှာ ငွေပေးချင်လို့ ကျောင်း ဆရာဆီကိုသွားရင်းနဲ့ မှန်တာဖြစ်ပါတယ်ရှင်၊ အကွာအဝေးကတော့ ကိုက် ၁ဝဝ လောက် ရှိပါတယ်ရှင်၊ လုံးဝ လုပြီးတော့ ပစ်နိုင်စရာအကြောင်း မရှိပါဘူးရှင်၊ သူတို့မှာက လက်နက်တွေပါပါတယ်၊ ကျမတို့မှာ အဲဒီအချိန်မှာ လုံးဝဘာလက်နက်မှ မရှိပါဘူးရှင်၊ ကျမတို့ကတော့ သူတို့ထွက်ဆိုထားတဲ့ သေနတ်ကိုလုပြီးတော့ ပစ်တယ် ဆိုတာ လုံးဝမဟုတ်ကြောင်းကို ကျမငြင်းပယ်ပါတယ်ရှင်"
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတောင် သူတစ်ဦး ခြေထောက်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်ဝန်းရွာသားတွေက သေနတ်ထိမှန်မှု၊ ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုတွေအတွက် လက်ပန်လှ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ အမှုဖွင့်ထားသလို ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ညောင်ဝန်းကျေးရွာ နာမည်နဲ့ ရဲတပ်ဖွဲ့ဘက်က အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ညောင်ဝန်းကျေးရွာ ဒေသခံတွေရဲ့ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်က ဦးအောင်သိန်းက ကူညီဆောင်ရွက်ပေး မှာဖြစ်ပါတယ်။