ရခိုင်ပြည်နယ် အစိုးရဖွဲ့


2016.04.05
rakhine-parliament-620.jpg ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တစ်ဦး၊ NLD ကိုယ်စားလှယ် ၁ ဦး၊ ပညာရှင် ၃ ဦးနဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က လွှတ်တော်ဥက္ကဌ ထံ တင်သွင်းထားကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။

ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစံကျော်လှ က ဝန်ကြီးချုပ် တင်သွင်းထားတဲ့ ဝန်ကြီး အမည်စာရင်းကို လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

"ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ဧပြီလ ၄ ရက် ရက်စွဲပါစာဖြင့် အဆိုပြုတင်သွင်းလာပါတယ်၊ နံပါတ် ၁ ဦးကျော်လွင် စိုက်ပျိုးရေး မွေးမြူရေး သစ်တောနဲ့သတ္တုတွင်းဝန်ကြီး ရမ်းဗြဲမဲဆန္ဒနယ်မှ ဖြစ်ပါတယ်"

ANP အနေနဲ့ ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့် မရရှိခဲ့တာကြောင့် ပြည်နယ် အစိုးရအဖွဲ့မှာ ပါဝင်မှာမဟုတ်ကြောင်း ထုတ်ပြန်ပြောဆိုထားပေမယ့် လာမယ့် အစိုးရအဖွဲ့မှာ ၁ ဦးပါဝင်လာတာဖြစ်ပါတယ်။

စိုက်ပျိုးရေး မွေးမြူရေး သစ်တောနဲ့သတ္တုတွင်းဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ ANP ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က လူမျိုးအကျိုး အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"လူထုက ကျနော်တို့ကိုစောင့်ကြည့်နေပါတယ်၊ ကျနော်တို့ လုပ်တာ၊ ကိုင်တာ၊ ကျနော်တို့ရဲ့စွမ်းအင်သတ္တိကိုလည်း သည်းခံပြီးတော့ လူကြီးတွေစောင့်ကြည့်ပေးပါ၊ ကျနော်တို့သည် လူမျိုးအကျိုးတွက်လုပ်မလား၊ ပါတီအကျိုးတွက်လုပ်မလား၊ နိုင်ငံအကျိုးတွက်လုပ်မလား၊ ကိုယ့်အတ္တတွက် လုပ်မလား၊ ဒါကိုလည်း ကျနော်တို့ကိုထောက်ပြပါ၊ အမြဲတမ်းသတ္တိရှိရှိနဲ့ ရင်ဆိုင်မှာဖြစ်ပါတယ်၊ ကျနော်ကတော့ ဒီလောကကိုဝင်တည်းက ကျနော့်စီးပွားရေးနဲ့ အတ္တကိုဘေးဖယ်ပြီးတော့ လူမျိုးအတွက်လုပ်မလို့ ဝင်လာတာဖြစ်တဲ့အတွက်ကြောင့် ကျနော့်ကိုပါတီက လူကြီးတွေကတော့ အမျိုးသားအကျိုးစီးပွားဘောင် အတွင်းက စဉ်းစားပေးမယ်လို့ ကျနော်မျှော်လင့်ပါတယ်"

အလားတူ ကချင်ပြည်နယ် အစိုးရအဖွဲ့မှာ ပြင်ပပညာရှင် ၁ဦး၊ အန်အယ်လ်ဒီ ကိုယ်စားလှယ် ၅ဦး နဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း ပြည်နယ်လွှတ်တော်မှာ တင်သွင်းတာ ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ကယားပြည်နယ်လွှတ်တော်မှာ ကယန်းအမျိုးသားပါတီ ကိုယ်စားလှယ် ၁ဦး၊ NLD ကိုယ်စားလှယ် ၃ ဦး၊ ပညာရှင် ၁ ဦးကို ပြည်နယ်ဝန်ကြီးတွေအဖြစ် တာဝန်ပေးအပ်မယ့်အပေါ် အတည်ပြုခဲ့ပါတယ်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ကို NLD ကိုယ်စားလှယ် ၂ ဦး၊ ကြံ့ခိုင်ဖံ့ွဖြိုးရေး ကိုယ်စားလှယ် ၂ ဦး၊ ပညာရှင် ၂ ဦး တို့နဲ့ ဖွဲ့စည်းမှာဖြစ်ကြောင်း တင်သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။