ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေး
2020.08.21
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တခြားဝန်ကြီးတစ်ဦးကို ဒီကနေ့မနက်က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ကိုပြည်စိုးထွန်းက RFA ကိုပြောပါတယ်။
အဲဒီလို စစ်ဆေးရာမှာ ရောဂါကူးစက်ခံထားရခြင်းမရှိကြောင်း negative အဖြေထွက်တယ်လို့ဆိုပါတယ်။ ဘာကြောင့် စစ်ဆေးတယ်ဆိုတာကိုတော့ မသိရပါဘူး။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အသွားအလာကန့်သတ်ပြီး နေအိမ်မှာနေဖို့ ညွှန်ကြားလိုက်တယ်ဆိုတဲ့သတင်းတွေ အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ အသွားအလာ ကန့်သတ်ခံထားရတာမရှိဘဲ RFA ကဆက်သွယ်မေးမြန်းချိန်မှာ ကိုဗစ်ကာကွယ်ရေးအစည်းအဝေး တက်ရောက်နေတာကြောင့် ကိုယ်ရေးအရာရှိက ဖုန်းလက်ခံဖြေဆိုခဲ့တာပါ။
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမှာ ရောဂါပိုးကူးစက်ခံရသူ ၁၀ ယောက် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီမနက်ပိုင်းမှာ ထုတ်ပြန်တာကြောင့် ပြီးခဲ့တဲ့ ငါးရက်အတွင်း စစ်တွေမှာ ပိုးတွေ့သူ လူနာ ၁၉ ဦးရှိသွားပါပြီ။
အခုအချိန်ထိ တစ်နိုင်ငံလုံး မှာ ကိုဗစ် ၁၉ ရောဂါပိုးကြောင့် သေဆုံးတဲ့သူ ၆ ဦးနဲ့ရောဂါကူးစက်ခံထားရသူ ၄၀၉ ဦးရှိတဲ့အထဲက ၃၃၃ ဦးကတော့ ရောဂါပြန်သက်သာ သွားပြီဖြစ်ပါတယ်။