မတရားတဲ့ ဥပဒေတွေပြင် ဖို့ ရွေးကောက်ပွဲဝင်တာ လို့ ဒေါက်တာ ညိုညိုသင်း ပြော


2015.09.08
dr-nyonyothin-candidte-620.jpg စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရေတာရှည်လမ်းသစ်က ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်းဖွင့်ပွဲမှာ ဒေါက်တာညိုညိုသင်းကို တွေ့ရစဉ်
Photo: RFA

မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့အတွက် လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဗဟန်းမြို့နယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဒီနေ့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းသစ်က ရွေးကောက်ပွဲအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲ မှာ ဒေါက်တာညိုညိုသင်းက သူရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်ကို ပြောတာဖြစ်ပါတယ်။

"လွှတ်တော်ရဲ့ အခန်းကဏ္ဍကို ကြည့်လိုက်မယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတော်ကို ချီတက်တယ်လို့သာပြောတယ် ကျမတို့ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေ ငါးရာကျော်ထဲမှာ ဥပဒေ လေးရာကျော်သည် ပြည်သူလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်နဲ့ ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေဖြစ်ပါတယ်၊ ဒီဥပဒေတွေကို ကျမတို့လွှတ်တော်တွေက အခုထက်ထိပြင်ဆင်နိုင်ခြင်း မရှိပါဘူး၊ ဘာပဲဖြစ်နိုင်လဲဆိုရင် ဒဏ်ငွေပဲပြင်နိုင်တယ်၊ ထောင်ဒဏ်ပဲပြင်နိုင်တယ်၊ ဒဏ်ငွေပြင်ခြင်း ထောင်ဒဏ်ပြင်ဆင်းသည် ဥပဒေပြင်ခြင်းမဟုတ်ပါ၊ ဥပဒေပြုခြင်းမဟုတ်ပါ၊ ဒါ့ကြောင့် ကျမက ထိရောက်တဲ့ဥပဒေပြင်ခြင်းကို လုပ်ချင်တယ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အမှန်တကယ် လက်တွေ့ ကျကျ ပြောင်းလဲနိုင်တဲ့ ဥပဒေပြုခြင်းတွေ ကျမလုပ်ချင်ပါတယ်"

အဲဒီအောင်နိုင်ရေးရုံးခန်းဖွင့်ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး တက်ရောက်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒေါက်တာညိုညိုသင်းလို ကိုယ်စားလှယ်တွေကို မဲထည့်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာညိုညိုသင်းဟာ လက်ရှိ ဗဟန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

သူဟာ လာမယ့် စက်တင်ဘာလ ၁၀ရက်နေ့ နောက်ပိုင်းမှာစပြီး တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာတွေ လုပ်သွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။