ဥက္ကံမြို့ ပဋိပက္ခကြောင့် ၁ ဦးသေဆုံး၊ ၁၈ ဦး ဖမ်းဆီးထား
2013.05.01

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူတစ်ဦးသေဆုံးပြီး၊ လံှု့ဆော်ခဲ့သူတွေလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က ဒီကနေ့ စုံစမ်းသိရပါတယ်။
သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက် ညနေပိုင်းက ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူရထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဥက္ကံမြို့ မြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညာထားပါတယ်။ ဒီကနေ့မှာတော့ အခြေအနေတွေ တည်ငြိမ်နေပြီလို့ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
ပဋိပက္ခကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေတဲ့ ကိုတင်ဝင်း၊ ကိုဇော်နိုင်နဲ့ ကိုအီစမန်တို့ သုံးဦးထဲက ကိုဇော်နိုင်ကတော့ ရရှိတဲ့ဒဏ်ရာတွေကြောင့် ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ဥက္ကံမြို့က ပဋိပက္ခအပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။