မြန်မာပြည်နှေးကွေးမှု အိုဘားမား ဝေဖန်


2014.11.13
obama-theinsein-620.jpg နေပြည်တော်မှာ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန်သမ္မတ အိုဘားမားကို သမ္မတ ဦးသိန်းစိန်နဲ့ အတူတွေ့ရစဉ်
Photo: RFA

အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ (၂၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ဆွေးနွေးပွဲတွေ တက်ရောက် ဖို့အတွက် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်း က နေပြည်တော်ကို ရောက်ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံကို တက်ရောက်ခဲ့ပြီး တဲ့နောက် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာ ပါ။ ရောက်ရှိပြီးမကြာခင်မှာပဲ နေပြည်တော် MICC ခန်းမမှာ ကျင်းပတဲ့ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေရဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ တချို့နေရာတွေမှာ အရှိန်လျော့ကျနှေးကွေးနေ ပြီး၊ နောက်ပြန်လျှောကျနေတာတွေ ရှိနေတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်ကို စာနဲ့ရေးသားပြန်ကြားပြောဆိုခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေအပေါ် တင်းကြပ်ချုပ်ချယ်တာ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာ၊ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ခွဲခြားဖိနှိပ်ဆက်ဆံတာ စတာတွေရှိနေကြောင်း၊ အသွင်ကူးပြောင်းရေးလုပ်ငန်း ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မိမိအနေနဲ့ အမြဲရှင်းရှင်းလင်းလင်း သိမြင်ပါကြောင်း၊ ဒါပေမဲ့ သမ္မတ တစ်ယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်မှု၊ သာယာဝပြောမှု၊ ဂုဏ်သိက္ခာရှိမှုတွေကို အပတ်တကုတ် ဆက်လက်ကြိုးစားရှာဖွေနေတဲ့ နိုင်ငံတွေအတွက် လက်တွဲဖေါ်အဖြစ် ဆက်လက်ရှိနေမယ်လို့ ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဒီကနေ့ကျင်းပမယ့် (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနဲ့ ဒုတိယအကြိမ် မြောက်အာဆီယံ အမေရိကန် ထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်မှာဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်အမတ်တချို့နဲ့ သီးခြားစီတွေ့ဆုံမယ်လို့ သိရပါတယ်။ မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်နေ့မှာ နံနက် ရန်ကုန်မြို့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာပါ။ အဲဒီနောက် ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမမှာအရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာပြည်ခရီးစဉ်အပြီးမှာ G 20 ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ ဩစတြေးလျနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။