ဒဏ်ခတ်ပိတ်ဆို့မှုအရေး သမ္မတ အိုဘားမား ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးမည်
2016.09.14

အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့ အခါ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့ရေးမူဝါဒ၊ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာတွေ ဆွေးနွေးသွားမယ်လို့ အမေရိကန်အစိုးရ ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Ben Rhodes က ပြောကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တို့ကို အထိရောက်ဆုံး အရှိန်မြှင့်တင်နိုင်အောင် အမေရိကန်အနေနဲ့ ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို ရယူနိုင်မှာဖြစ်ပါတယ်လို့ ပြောသွားတာပါ။
အမေရိကန်အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရင်းနှီ်းမြှုပ်နှံမှု တို့ကို အဟန့်အတားမဖြစ်စေရအောင် ဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့လည်း Ben Rhodes က ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ CSIS မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ မနေ့က ပြုလုပ်တဲ့ အခမ်းအနားတစ်ခု မှာ ပြောကြားခဲ့တာပါ။
အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Derek Mitchell ကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေးအတွက် အဓိက အရေးကြီးဆုံးဟာ ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောကြားသွားခဲ့ ပါတယ်။
ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲတို့ဟာ ပထမအဆင့်အနေနဲ့ မရှိမဖြစ်အရေးပါသလိုပဲ မြန်မာနိုင်ငံရဲ့ အဓိက စိန်ခေါ်မှုဟာ ငြိမ်းချမ်းရေးပဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်ရေးပဲဖြစ်ကြောင်း၊ နှစ် ၇၀ ကြာ အချင်းချင်း တိုက်ခိုက်မှုတွေကို အဆုံးမသတ်နိုင်ဘူးဆိုရင် ဒီမိုကရေစီရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအပါအဝင် ဘာတစ်ခုမှ မဖြစ်ထွန်းလာမှာမဟုတ်ကြောင်း ပြောသွားတာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံတော်ချိန် အင်္ဂါနေ့ ညနေပိုင်းမှာ ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါ တယ်။
ဝါရှင်တန်ဒီစီမြို့တော် CSIS ရုံးချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် Serge Pun ခေါ် ဦးသိမ်းဝေ၊ ကွဲပြားခြားနားမှုနဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ က ဒေါက်တာကျော်ရင်လှိုင်၊ Renaissance Institute အဖွဲ့က ဦးဘိုဘိုငယ်တို့လည်း ဟောပြောခဲ့ပြီး မြန်မာ့ အရေးစိတ်ဝင်စားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။