အိုဘားမား မြန်မာပြည် က ပြန်လည်ထွက်ခွာ
2014.11.14

သမ္မတ အိုဘားမားဟာ မြန်မာပြည်ကနေ သြစတြေးလျ နိုင်ငံကို မနေ့ညနေက ထွက်ခွာသွားပါတယ်။ မနေ့ မနက်ပိုင်းက အတွင်းဝန်ရုံးဟောင်းကို သွားရောက် ကြည့်ရှုခဲ့ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကြိုဆိုခဲ့ပြီး သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက လိုက်လံပြသခဲ့ပါတယ်။
အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ သွားရောက်တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို အမေရိကန်သံရုံးမှာ တွေ့ဆုံပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပေမယ့် လူ့အခွင့်အရေးကိစ္စတွေမှာ စိုးရိမ်စရာတွေ ရှိနေကြောင်း ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက် ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူ Equality Myanmar အဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အဲဒီ့တွေ့ဆုံပွဲကို လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့် ဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။
ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ မြန်မာနိုင်ငံက လူငယ်အများစု အပါအဝင် အရှေ့တောင်အာရှဒေသ နိုင်ငံတွေက လူငယ်စုစုပေါင်း ၅ဝဝ ကျော်လောက်နဲ့ တွေ့ဆုံရာမှာတော့ သမ္မတ အိုဘားမားက
မိမိတို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံဟာ အနာဂါတ်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိတော့ပဲ သတင်းမီဒီယာသမားတွေကလည်း အမှန်တရားကို ဖေါ်ထုတ်ရေးသားနိုင်သလို လူနည်းစုတွေအားလုံး အကြောက်တရားမရှိတော့ဘဲ အတူတကွ ယှဉ်တွဲနေထိုင်သွားနိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမယ်ဆိုတာ ယုံကြည်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ အိုဘားမားက အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ အနာဂါတ်ကို စစ်တပ်တွေ အာဏာရှင်တွေက ပုံဖေါ်မှာမဟုတ်ပဲ လူငယ်တွေကသာ ပုံဖေါ်မှာဖြစ်ကြောင်း လည်း ပြောခဲ့ပါတယ်။
စိန်ရတုခန်းမကို အိုဘားမားရောက်ရှိနေစဉ်မှာ လူငယ်တချို့က မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အတုအယောင်မျှဖြစ်ကြောင်းစာတန်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပြီး အိပ်ဖွင့်ပေးစာတစ်စောင်ကိုလည်း ပေးအပ် ခဲ့ကြတယ်လို့ သိရပါတယ်။