သမ္မတ အိုဘားမား အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ
2014.11.14

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမားက အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှာတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ သတင်း မီဒီယာဖွံ့ဖြိုးရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။
အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပေမယ့် လူ့အခွင့်အရေး ကိစ္စတွေမှာ စိုးရိမ်စရာတွေရှိနေကြောင်း ပြောခဲ့တယ် လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူ Equality Myanmar အဖွဲ့ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
"မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမဲ့ ကျနော်တို့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာရှိနေတုန်းပဲဆိုတာ သူလည်းသိပြီးသားပါ၊ အမေရိကန်အစိုးရမူဝါဒက နှစ်နိုင်ငံရင်းနှီးမှုတွင်မကပဲနဲ့ နှစ်နိုင်ငံမိတ်ဖက်ဖြစ်တဲ့နေရာမှာ စဉ်းစားတဲ့အခါမှာ လူ့အခွင့်အရေးဆိုတဲ့ အကြောင်းအရာကို ဆက်လက်ပြီးတော့ စောင့်ကြပ်ပေးတဲ့တာဝန်တွေရှိဖို့၊ လူ့အခွင့်အရေး လုပ်ငန်းတွေကို စောင့်ကြပ်ပြီးတော့ လိုအပ်တဲ့ နိုင်ငံရေးမူဝါဒတွေချမှတ်ဖို့ အသိအမှတ်ပြုတဲ့ဟာကို သူ့အနေနဲ့ သဘောပေါက်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားမှုတွေ ရှိပါတယ်လို့ သူ့အနေ နဲ့ ပြောကြားခဲ့ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက စိတ်ဝင် တစား စောင့်ကြည်နေကြောင်းလည်း အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့သူတွေက ဆိုပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပွဲကို လူ့အခွင့်အရေး လှုပ်ရှားနေသူတွေ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားသူတွေ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ပါတယ်။