သမ္မတ အိုဘားမား မြန်မာ လွှတ်တော်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ


2014.11.13
obama-dassk-pm-305.jpg အမေရိကန်သမ္မတ အိုဘားမားဟာ နေပြည်တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးနဲ့ တွေ့ဆုံခဲ့စဉ်။
Photo: Myo Thant Khaing/RFA

အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော် က နန်းဝတီဟိုတယ်မှာ ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေး ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့တယ်လို့ ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

"အဓိကကတော့ ဘာကိုမှတ်ချက်ပြု ပြောသလဲ ဆိုလို့ရှိရင် ကျမတို့ အခုအပြောင်းအလဲကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေလျော့ချဖို့၊ လူနည်းစုတွေရဲ့ အခွင့်အရေးကိုပေးဖို့ပေါ့နော်၊ ဒါမျိုးမှမလုပ်ခဲ့ဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အနာဂါတ်က မကောင်းနိုင်ဘူးပေါ့နော်၊ ဒါကြောင့်မို့လို့ လက်ရှိအခြေခံဥပဒေ ပြင်ဆင်မယ့် အခြေအနေမှာလည်း အကုန်ဝိုင်းဝန်းပြီး ဆောင်ရွက်ကြဖို့ လိုတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ် အဲ့လိုပုံစံမျိုးပါပဲ"

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားကို ပြောပြခဲ့သလို အိုဘားမားကလည်း အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲစဉ်က ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မှာလည်း သမ္မတ အိုဘားမားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပြီး အရှေ့တောင်အာရှက လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။