အမေရိကန်ရဲ့ မြန်မာပြည် ငြိမ်း ချမ်းရေး အစီအစဉ်သစ် ရှေ့နှစ်မှာ စမည်
2014.11.13

အမေရိကန်ပြည်ထောင်စု ရဲ့ Peace Corps ခေါ် ငြိမ်းချမ်းရေး ကူညီဆောင်ရွက်မှု အစီအစဉ်သစ်တစ်ရပ် ကို မြန်မာနိုင်ငံမှာ ရှေ့နှစ် ၂၀၁၅ ခုနှစ်အတွင်း စတင် မယ်လို့ သမ္မတ အိုဘားမားက နေပြည်တော်မှာ မနေ့က ကြေညာခဲ့ကြောင်း AP သတင်းက ဖေါ်ပြပါ တယ်။ သမ္မတ ဦးသိန်းစိန် နဲ့မတွေ့ဆုံခင်မှာ ကြေညာခဲ့ တာပါ။
အမေရိကန် သမ္မတအိမ်ဖြူ တော်ကလည်း ကြေညာ ချက်ထုတ်ပြန်ခဲ့ရာမှာ အဲဒီ့ Peace Corps ငြိမ်း ချမ်းရေး အစီအစဉ်အရ လာရောက်ကြမယ့် ပထမ ဆုံးစေတနာ့ဝန်ထမ်းအသုတ်ဟာ မြန်မာဘာသာ စကား၊ ယဉ်ကျေးမှုနဲ့ လက်တွေ့လုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို သုံးလကြာ သင်တန်း တက်ပြီးတဲ့နောက်၊ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း မှာ မြန်မာနိုင်ငံကို ရောက်ရှိလာကြမှာဖြစ်ပြီး၊ သက်ဆိုင်ရာနေရာတွေမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ကြ မှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။
ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းမျိုးစုံနဲ့ တိုးချဲ့ ဆောင်ရွက်နေတာတွေထဲမှာ နောက်ဆုံးပေါ် အစီအစဉ်ဖြစ်ကြောင်း၊ အောက်ခြေအဆင့်အထိ လူထုချင်းဆက်သွယ်ဆောင်ရွက်တဲ့နည်းဟာ မြန်မာ့အပြောင်းအလဲအတွက် နှစ်မြုပ်ကူညီမယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပိုင်းဖြတ်ချက်ကို အကောင်းဆုံးပြသတဲ့နည်းဖြစ်ကြောင်းလည်း အိမ်ဖြူ တော် ထုတ်ပြန်ချက်က ဆိုပါတယ်။
အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေးအရာရှိ Ben Rhodes ကလည်း ဒီအစီအစဉ်ကို မြန်မာအစိုးရက မနှစ်က တရားဝင်ဖိတ်ခေါ်ခဲ့ကြောင်း၊ ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအတွက် အကူအညီပေးဖို့ သင့်တော်တဲ့နည်း လမ်းဖြစ်ကြောင်း ပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စု ရဲ့ Peace Corps အစီအစဉ်ကို ၁၉၆၁ ခုနှစ်က စတင်ခဲ့ရာမှာ ကမ္ဘာတဝှမ်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး စတဲ့နယ်ပယ်တွေမှာ ကူညီဆောင်ရွက်ဖို့ စေတနာ့ဝန်ထမ်း နှစ်သိန်းနှစ်သောင်း နီးပါး စေလွှတ်ခဲ့ပါတယ်။
ဒီအစီအစဉ်စတင်ပြီဆိုရင် မြန်မာနိုင်ငံဟာ Peace Corps အစီအစဉ်မှာ ပါဝင်တဲ့ ၁၄၁ ခုမြောက် နိုင်ငံဖြစ်လာမယ်လို့ အိမ်ဖြူ တော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။