ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်း လဲမှု အမေရိကန်သမ္မတ ချီးကျူး
2013.05.21

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်မှာ တနင်္လာနေ့ မနေ့က မွန်းလွဲပိုင်းမှာ ကြိုဆိုတွေ့ဆုံပြီး၊ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ယုံကြည်ရတဲ့ ရွေးကောက်ပွဲပြုလုပ်ခဲ့ တာတွေ့ရသလို၊ နိုင်ငံရေးအင်အားစုတွေ ပိုပြီးပါဝင်နိုင်ရေးကိုဦးတည်တဲ့ လွှတ်တော်နိုင်ငံရေး အခင်းအကျင်း ဖန်တီးဆောင်ရွက်နေတာကို လည်း တွေ့ရတယ်လို့ သမ္မတအိုဘားမားက ပြော ပါတယ်။
တချိန်တည်းမှာ မြန်မာနိုင်ငံက ဘာသာရေး ပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်းနဲ့ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုဆီ ဦးတည်နေတာတွေ ရပ်တံ့အောင်ဆောင်ရွက်ဖို့လိုအပ်ပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က နိုင်ငံရေးအကျဉ်းသားတွေဆက်ပြီး လွှတ်ပေးမယ်၊ လက်နက်ကိုင်လူမျိုး စုတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးသာမက နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်သွားမယ် လို့ ပြောကြားခဲ့ပါတယ်။
တဆက်တည်း သမ္မတ ဦးသိန်းစိန်က အခုဆိုရင် အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ နိုင်ငံရေး စနစ်ချင်းတူနေပြီ လို့ ပြောဆိုလိုက်သလို သမ္မတအိုဘားမားတိုက်တွန်းထားတဲ့အတိုင်း ဒီမိုကရေစီအတွက် ရှေ့ကိုဆက်လက် ချီတက်နေပါပြီလို့ ပြောကြားလိုက်ပါတယ်။
သမ္မတ အိုဘားမားနဲ့တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး ဘက်ပေါင်းစုံပါဝင်တဲ့အတွက် ဒီဆွေးနွေးပွဲဟာ အလွန်အကျိုးရှိတဲ့ဆွေးနွေးပွဲဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။