မြန်မာလူမှုအဖွဲ့အစည်းများကို အမေရိကန်သမ္မတ ချီးကျူး


2013.09.24
Obama-Visit-Myanmar-305 အမေရိကန်သမ္မတ ဘားရက်အိုဘားမားနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်တို့ နိုဝင်ဘာ ၁၉ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်
Photo: RFA

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေ မပြီးဆုံးသေးပေမယ့်၊ အခက်အခဲတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဟာ လူမှုအဖွဲ့အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

နိုင်ငံရေးလူမှုရေး အပြောင်းအလဲတွေမှာ ပြည်သူတွေက တက်ကြွတဲ့အခန်းကဏ္ဍကနေပါဝင်တဲ့ အလေ့အထဟာ အမေရိကန်ပြည်ထောင်စုရဲ့ လက်ဆောင်တွေပဲဖြစ်တယ်လို့လည်း ဒီဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မနေ့ကကျင်းပတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက Triangle အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ် မခင်လေး တက်ရောက်ပြီး မြန်မာနိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေ ရင်ဆိုင်ရတဲ့အခက်အခဲနဲ့ အောင်မြင်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ မခင်လေးနဲ့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Jan Eliasson အပါအဝင် နိုင်ငံတကာက လူမှုရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေသူ ၆ ဦး တက်ရောက်ပြီး ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေးအရာရှိ Susan Rice တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။