အိုဘားမား ခရီးစဉ် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်

အမေရိကန်သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးဟာ တရုတ်ပြည်ရဲ့ မြန်မာနဲ့ပတ်သက်တဲ့ အကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိပါဘူးလို့ အကြီးတန်း တရုတ်အရာရှိတစ်ယောက်က ပြောပါတယ်။

2012.11.09
u-thein-sein-china-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကူမင်းမြို့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ယူနန်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး တွေ့ဆုံနေစဉ်။
RFA

အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ကြောင့် တရုတ် မြန်မာဆက်ဆံရေး ထိခိုက်သွားနိုင်မလားလို့ တရုတ် သတင်းမီဒီယာ၊ သုတေသီတွေနဲ့ သံတမန်တချို့က စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ နယ်စပ်ချင်း ထိဆက်နေတဲ့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲ ချင်ကွမ်ရောင်း ကတော့ မြန်မာနိုင်ငံ ပွင့်လင်းလာတဲ့အပေါ် တရုတ်က အပြည့်အဝ ထောက်ခံခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာပြည်တွင်း အေးချမ်းတည်ငြိမ်ရေးဟာ တရုတ်အတွက် အကျိုးရှိကြောင်း ပြောဆိုပါတယ်။

လက်ရှိကျင်းပနေတဲ့ ကွန်မြူနစ်ပါတီ ညီလာခံရဲ့ ပြင်ပမှာ ပြောဆိုခဲ့တာပါ။ သူက ဆက်လက်ပြီး မြန်မာအာဏာပိုင်တွေအနေန ဲ့တိုင်းပြည်ကို ဖွင့်ပေးလိုက်ပြီး ကမ္ဘာကြီးထဲ ဝင်ရောက်ချင်တဲ့ ဆန္ဒကို မိမိတို့နားလည် ထောက်ခံပါတယ်။ မြန်မာဘက်ကလည်း တရုတ်ဟာ မိတ်ကောင်းဆွေစစ် အမြဲဖြစ်နေမယ်ဆိုတာ သိရှိပါတယ်လို့ ဆိုပါတယ်။

ဒီအတွင်း ဝါရှင်တန် သမ္မတအိမ်ဖြူတော်မှာ မနေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားရဲ့ မြန်မာပြည်နဲ့ ကမ္ဘောဒီးယား ခရီးစဉ်ဟာ ဖိနှိပ်တဲ့အစိုးရတွေကို တရားဝင်အောင်လုပ်ပေးရာ ရောက်နေမလားဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က သမ္မတ အိုဘားမား ဟာ သူ့ရဲ့ ဒီသမိုင်းဝင်ခရီးကနေ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမေရိကန် မြန်မာ ဆက်ဆံရေး တိုးတက်လာရေးတွေအတွက် ဆက်လက်ဖိအားပေးသွားမှာပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ မနှစ်က သမ္မတအိုဘားမား ကျေညာခဲ့ပြီးတဲ့နောက် ပြောင်းလဲတိုးတက်မှုတွေ တွေ့လာရပါတယ်။ အခုလည်း ဒီခရီးစဉ်မှာ သမ္မတနဲ့အတူ ဒေသဆိုင်ရာ မူဝါဒတွေ ပါသွားမှာဖြစ်ပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Jay Carney က ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမား မြန်မာပြည်သွားရောက်မယ့် ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့ အထူးလက်ထောက် အရာရှိဖြစ်သလို အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ ရဲ့ လူ့အခွင့်အရေးနဲဆိုင်ရာ အကြီးတန်းညွှန်ကြားရေးမှူး Samatha Power က နိုဝင်ဘာလ ၉ရက်နေ့စွဲနဲ့ အိမ်ဖြူတော် အင်တာနက် ဝက်ဆိုဒ်ဘလော့ဂ်မှာ “Supporting Human Rights in Burma မြန်မာပြည်လူ့အခွင့်အရေးအတွက် ကူညီပံပိုးရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးသားဖေါ်ပြလိုက်ပါတယ်။

အဲဒီဆောင်းပါးကို ဦးခင်မောင်စိုးက ကောက်နုတ် တင်ပြထားပါတယ်။

ဦးခင်မောင်စိုး အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။