အိုဘားမားခရီးစဉ် မြန်မာ အစိုးရကို ထောက်ခံပေးတာ မဟုတ်
2012.11.19

မြန်မာနိုင်ငံဟာ ရောက်ရှိသင့်တဲ့နေရာကို ရောက်ရှိနေပြီလို့ ဘယ်သူမှ အထင်မှား အမြင်မှားဖြစ်မနေကြပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြန်မာနိုင်ငံမှာ အခုလို ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ကြိုတင်မမြင်နိုင်ခဲ့ကြတဲ့ ပြုပြင်ပြောင်းလဲမှုတချို့၊ တစ်နှစ်ခွဲကာလအတွင်း ဖြစ်ပေါ်လာခဲ့တဲ့အပေါ်မှာတော့ အသိအမှတ်ပြုရပါလိမ့်မယ်။မြန်မာနိုင်ငံဟာ ပိုမိုကောင်းမွန်တဲ့အရပ်ဆီ ရှေ့ရှုနေပါတယ်။ ဒါပေမဲ့ မြန်မာပြည်လျှောက်လှမ်းရမှာက ခရီးရှည်ကြီး ဖြစ်ပါတယ်။ မြန်မာပြည် ပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်တဲ့အချိန်ကျမှ သွားမယ်လို့ စောင့်ဆိုင်းနေရင်လည်း စောင့်ရမယ့် အချိန်က ကြာရှည်သွားပါလိမ့်မယ်လို့ မစ္စတာ အိုဘားမားက ထိုင်းနိုင်ငံမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာပြည်အပေါ် မီးမောင်းထိုးလိုက်တဲ့အခါ အပြောင်းအလဲတွေ မြန်ဆန်သွားနိုင်ပါတယ်။ မြန်မာ ပြည်သူတွေအနေနဲ့လည်း သူတို့အသံ ကမ္ဘာက ကြားသိနိုင်ပါကလားဆိုတာ စတင်ယုံကြည်လာကြမှာပါ။ ကျနော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်နိုင်တာတစ်ခုကလည်း မြန်မာပြည်သူတွေရဲ့ အသံကို နားစွင့်နေ ကြောင်း၊ မြန်မာပြည်သူတွေအပေါ် အရေးတယူရှိနေကြောင်း ပြသကြဖို့ ဖြစ်ပါတယ် လို့ လည်းပြောဆိုပါတယ်။
ပြည်ပ နိုင်ငံရးအဖွဲ့အစည်းတချို့ နဲ့လူ့အခွင့်အရေးအဖွဲ့တွေက သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်ဟာ အချိန်စောနေသေးတယ်လို့ ဝေဖန်ခဲ့ကြတဲ့အပေါ် တုံ့ပြန်ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ကို လာရောက်လည်ပတ်ခဲ့စဉ်ကလည်း မြန်မာပြည်ကို လာရောက်သင့်ကြောင်း တိုက်တွန်းခဲ့ တယ်လို့ သမ္မတ အိုဘားမား က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန် နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦးမှာ တွေ့ဆုံမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။