မြန်မာနဲ့ တရုတ်မှာ ဘာသာရေး လွတ်လပ်ခွင့်ရှိဖို့ အိုဘားမား တိုက်တွန်း


2014.02.06
utheinsein-obama-305 မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့ မေလ ၂ဝ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး ကြစဉ်
photo: President Office Website

မြန်မာနဲ့ တရုတ်ပြည်တို့ဟာ ဘာသာရေး လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သည်းခံနိုင်စွမ်းကို ပိုပြီးပြသကြဖို့ သင့်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက  ပြောလိုက်ပါတယ်။

အမေရိကန် ရိုးရာအစဉ်အလာအရ ဝါရှင်တန် ဒီစီမှာ မနေ့ကကျင်းပခဲ့တဲ့ National Prayer Breakfast ခေါ် အမျိုးသား နှစ်လည်ဝတ်ပြုဆုတောင်းပွဲမှာ မိန့်ခွန်းပြောကြားစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် ပြဿနာတွေ ရှိနေတဲ့ နိုင်ငံတွေထဲက တရုတ်နဲ့ မြန်မာနိုင်ငံတို့ကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကာလကြာရှည် အမှောင်ခေတ်ကြီးထဲမှာနေခဲ့ရာ က ရွေးကောက်ခံ အစိုးရစနစ်ဆိုတဲ့ အလင်းရောင်ဆီကို ကြိုးစားရုန်းကန်တိုးထွက်နေ တဲ့ မြန်မာနိုင်ငံက သမ္မတနဲ့ ကျနော်တွေ့ဆုံ ခဲ့တုန်းက၊ နိုင်ငံတကာ အသိုင်းအဝန်းထဲကို မြန်မာပြန်ဝင်ရေးဟာ ဘာသာရေး လွတ်လပ်ခွင့် အပါအဝင် အခြေခံလွတ်လပ်ခွင့်တွေကို ဘယ်လောက် လေးစားမှုရှိသလဲ ဆိုတဲ့အပေါ် မူတည်နေ တယ်ဆိုတာ ပြောခဲ့ပါတယ်လို့ သမ္မတ အိုဘားမားက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အလားတူ တရုတ်ပြည်နဲ့ ပတ်သက်ပြီးတော့လည်း မိမိတို့ဟာ တရုတ်ပြည်နဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးလုပ်နေတာပါ၊ ဒါပေမဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာ ခရစ်ယာန် ဘာသာဝင်တွေ၊ တိဘက် ဗုဒ္ဓဘာသာဝင်တွေနဲ့ Uyghur မွတ်စလင်တွေရဲ့ အခွင့်အရေးတွေ ကို လေးစားဖို့လိုကြောင်း အလေးအနက် ပြောဆိုခဲ့ပါတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုပါတယ်။

ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလံြုခုံရေးအတွက် အလွန်တရာအရေးကြီးကြောင်း၊ ပြည်သူ့အခွင့်အရေးတွေကို လေးစားချီးမြှောက်တဲ့နိုင်ငံတွေ တိုးတက်ကြီးပွားပြီး၊  ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံတွေဟာ မတည်မငြိမ်တွေ၊ အကြမ်းဖက်တွေ ပေါ်ပေါက်လာအောင် မျိုးစေ့ချပေးနေတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

၆၁ နှစ်မြောက်ကျင်းပတဲ့ အမျိုးသား နှစ်လည်ဝတ်ပြုဆုတောင်းပွဲကို သမ္မတ အိုဘားမားနဲ့အတူ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တာ်အမတ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲကို နှစ်စဉ် ဖေဖော်ဝါရီလရဲ့ ပထမဆုံး ကြာသာပတေးနေ့မှာ ကျင်းပလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။