သမ္မတ အိုဘားမား အခုလ ၁၄ ရက်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံမည်
2014.11.04

အမေရိကန်သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို အခုလအတွင်း လာရောက်တဲ့အခါ သမ္မတ ဦးသိန်းစိန် အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က တရားဝင်ကြေညာလိုက်ပါတယ်။
မစ္စတာ အိုဘားမားဟာ အာဆီယံနိုင်ငံများ ထိပ်သီး ညီလာခံတက်ရောက်ဖို့အတွက် နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး၊ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ် ထားကြောင်း၊ ဒီ့နောက် ၁၄ ရက်နေ့မှာ ဒေါ်အောင် ဆန်းစုကြည် နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း အိမ်ဖြူတော်ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံကတဆင့် သမ္မတ အိုဘားမားဟာ တရုတ်နိုင်ငံမှာကျင်းပမယ့် အေပက်အဖွဲ့ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးထိပ်သီးညီလာခံနဲ့ သြစတြေးလျ နိုင်ငံမှာ ကျင်းပမယ့် G-20 စက်မှုနိုင်ငံကြီးများ ထိပ်သီးညီလာခံတွေကို ခရီးဆက်ထွက်ခွာမှာ ဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel က အခုနိုဝင်ဘာလလယ်ပိုင်း မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတို့ကို သွားရောက်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန် ကာကွယ်ရေးဌာန အရာရှိတွေက ကြေညာလိုက်ပါ တယ်။ အမေရိကန် အထက်လွှတ်တော်ကြားနာပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက် ၁ဝ ရက်ကြာမြင့်မယ့် အဲ့ဒီခရီးစဉ်ကို ရှေ့နှစ်ဆန်းပိုင်းကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေ က ပြောကြပါတယ်။