အမေရိကန်သမ္မတ လာရောက်မယ့် သတင်းကို မြန်မာအစိုးရ အတည်ပြု
2012.11.08

သမ္မတ အိုဘားမားဟာ နိုဝင်ဘာ (၁၉)၇က်နေ့မှာ ရန်ကုန်ကိုရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမယ် လို့ အမည်မဖေါ်လိုသူ အရာရှိက ပြောကြောင်း AFP သတင်း က ဖေါ်ပြပါတယ်။ RFA ကတော့ သမ္မတ အိုဘားမား မြန်မာပြည် လာရောက်မှာဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ကပင် ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
အိုဘားမားရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကြိုတင်စီစဉ်ဖို့အတွက် ဝါရှင်တန်မှာရှိတဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ ဟာ လာမယ့် နိုဝင်ဘာ (၁၃)ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်သွားရောက်မယ်လို့ သံရုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပါတယ်။ သမ္မတ အိုဘားမား လာရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် က ကြိုဆိုကြောင်း ပြောဆိုပါတယ်။ မစ္စတာ အိုဘားမား ဒုတိယအကြိမ် ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ဝမ်းသာကြောင်း မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းသိသူဖြစ်ကြောင်းလည်း ပြောပါတယ်။
သမ္မတ အိမ်ဖြူတော်ဆီကတော့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်ပြုထုတ်ပြန်ချက် ထွက်မလာသေးပါဘူး။ သမ္မတ အိုဘားမားအနေနဲ့ ဒုတိယ လေးနှစ်သက်တမ်းအဖြစ် ရွေးချယ်ခံရပြီးနောက် ပထမဆုံးအကြိမ် အာရှတိုက်ကို ခရီးထွက်ရာမှာ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။