အိုဘားမားခရီးစဉ် လုံခြုံရေးအတွက် လုံခြုံရေးအင်အား တစ်သောင်းချထား
2012.11.16

လုံခြုံရေးယူထားတဲ့ တပ်ဖွဲ့တွေထဲမှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအပြင်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးတန်းရဲအရာရှိတစ်ဦး ဖြစ်တဲ့ ရဲမှုးကြီးဝင်းနိုင်ထွန်းက RFA ကိုအခုလို အတည်ပြုပြောကြားပါတယ်။
လာမည့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် အမေရိကန် သမ္မတ မစ္စတာ အိုဘားမားခရီးစဉ် အဆင်ပြေချောမွေ့စေရေး အတွက် အမျိုးသားလုံခြုံရေး မှုဝါဒကို ကိုင်တွယ်ထားတဲ့ သမ္မတရုံး ဝန်ကြီး တစ်ချို့လည်း ရန်ကုန်မြို့မှာ အခြေစိုက်ပြီး ကွပ်ကဲဖို့ရှိတယ်လို့ သမ္မတရုံးနဲ့ နီးစပ်သူတစ်ဦးက ဒီကနေ့ ပြောပါတယ်။
အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ တွေ့ဆုံဖို့ ရှိတဲ့ အပြင်၊ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို သွားရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ဆက်လက်ပြီး သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဘွဲနှင်းသဘင် ခန်းမဆောင်မှာ အသင်းအဖွဲ့အသီးသီးက လူ တစ်ထောင်ကျော်ကို မိန့်ခွန်းပြောဖို့ ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း အမေရိကန် သမ္မတအိုဘားမားနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို သတင်းယူနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပြည်တွင်းသတင်းဂျာနယ်နဲ့နိုင်ငံခြား သတင်းအေဂျင်စီ (၃၃)ခုရဲ့ သတင်းစာရင်းပေးထားတယ်လို့ သိရပါတယ်။