အမျိုးသား လူ့အခွင့်အရေးကော် မရှင်ကို စောင့်ကြည့်ရေး အဖွဲ့တွေ ဝေဖန်


2015.11.18
human-right-observers-620.JPG လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: RFA

မြန်မာနိုင်ငံမှာ လူမျိုးရေးဘာသာရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ထင်ထင်ရှားရှားရှိခဲ့ပေ မယ့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ အမှုမှန်ပေါက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့တာ မရှိဘူးလို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ဖိုးစိန်လမ်းမှာရှိတဲ့ Green Hill ဟိုတယ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ SMILE အဖွဲ့က ကိုမျိုးဝင်း က အခုလိုပြောခဲ့တာဖြစ်ပါတယ်။

"ကိုပါကြီးအမှုလိုမျိုးကိစ္စ၊ တစ်ပြည်လုံး အတိုင်းအတာနဲ့ ဖြစ်ခဲ့တဲ့ ခုနကလို လက်ပံတန်း လိုမျိုးကိစ္စကို ကျနော်တို့ သတိထားမိပါတယ်၊ လူမျိုးရေး ဘာသာရေး အရေးအခင်းတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက် မှုတွေ အကြီအကျယ်ရှိခဲ့ကိစ္စတွေကို ကော်မရှင်အနေနဲ့ ထင်ထင်ရှားရှား တရားမျှတမှုပေါ်ပေါက်ရေးအတွက် သူကိုယ်တိုင်လည်း ကြိုးပမ်းမဆောင်ရွက်ဘူး၊ အာဏာပိုင်တွေ ဒီလိုကော်မရှင်တွေ ပေါ်ပေါက်လာတဲ့နေရာမှာ လည်း ဖိအားပေးပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တာဝန်ခံဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှုတွေကို ကျနော်တို့ မတွေ့မိဘူး"

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့လုပ်ဆောင်ချက်တွေကိုလေ့လာဖို့အတွက် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက လူ့အခွင့်အရေးကော်မရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ FORUM-ASIA အဖွဲ့ဝင်တွေလည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှုနဲ့  လက်ပံတန်းကျောင်းသား သပိတ်ဖြိုခွင်းခံရမှုတို့မှာ ထိရောက်တဲ့ စုံစမ်းမှုတွေမလုပ်ခဲ့ဘူးလို့လည်း FORUM-ASIA အဖွဲ့ကပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ FORUM-ASIA, Equality Myanmar, Burma Partnership, SMILE အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြသလို လက်ပံတန်းသပိတ်ဖြိုခွင်းခံရချိန်က သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။