လှိုင်သာယာ အိုးရှင်း ရှူးဖိနပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
2014.01.16

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၁) မှာရှိတဲ့ Ocean Shoes ဖိနပ်စက်ရုံက အလုပ်သမား ၂၀၀ နီးပါးဟာ လုပ်ခလစာတိုးပေးဖို့အတွက် ဒီကနေ့မှာ သုံးရက်မြောက်နေ့အဖြစ် ဆန္ဒပြတောင်း ဆိုနေကြပါတယ်။
နေ့စဉ်ကြေး၊ ထမင်းစရိတ်၊ ခရီးစရိတ်နဲ့ ရှားပါးစရိတ်တိုးပေးဖို့ တောင်းဆိုနေကြ တာဖြစ်တယ်လို့ စက်ရုံက အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"အခြေခံလစာက တစ်သောင်းခြောက်ထောင် ငါးရာနဲ့ ငါးဆယ့်ငါးကျပ်ပဲ ရပါတယ်။ ထမင်းစရိတ်၊ ကားခနဲ့ ရှားပါးစရိတ် အကုန်လုံးပေါင်းမှ ငါးသောင်းနဲ့ တစ်ထောင်ပဲရတယ်။ ကျမတို့က ဘယ်လောက် အထိသတ်မှတ်ထားတယ်တော့ မဟုတ်ဘူးပေါ့။ နေ့စဉ်ကြေးကိုလည်း နည်းနည်းစီတိုးပေးရမယ်။ ရှားပါးစရိတ်၊ ထမင်းစရိတ်ကစ အကုန်လုံး နည်းနည်းစီတိုးပေးဖို့ တောင်းဆိုထားတာပါ။"
အလုပ်သမားတွေဟာ နေ့စဉ်လုပ်အားခအဖြစ် တစ်နာရီကို ၉၀ ကျပ်ရရှိနေတာကြောင့် ၁၃၅ ကျပ်အထိ တိုးပေးဖို့၊ ထမင်းစရိတ်ကို တစ်ရက် ၄၀၀ ကနေ ၁၀၀၀ အထိတိုးပေးဖို့၊ ရှားပါးစရိတ် တစ်လတစ်သောင်းကနေ တစ်သောင်းခုနှစ်ထောင်ကျပ်အထိ တိုးပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အလုပ်သမားတစ်ဦးရဲ့လစာဟာ နေ့စဉ်လုပ်အားခနဲ့ ရှားပါးစားရိတ် စတာတွေပေါင်းလိုက်ရင် တစ်လ ငါးသောင်းကျပ်အထိရတယ်လို့ သိရပါတယ်။