ဒေးဒရဲမြို့နယ် ဒီရေတော ထိန်းသိမ်းမယ်လို့ ဝန်ကြီး ဦးအုန်းဝင်း ပြောကြား
2016.06.07

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်က ပင်လယ်ကမ်းခြေတွေမှာ ဒီရေတောတွေ ပြန်လည် စိုက်ပျိုးပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးခဲ့ပြီး မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက အဆိုကို ထောက်ခံဆွေးနွေး ခဲ့ရာ မိတ္ထီလာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီရေတောထိန်းသိမ်းမှု အပြင် နောက်အနာဂတ်မျိုးဆက်အတွက် သဘာ၀ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အသိပညာကို အခြေခံပညာကျောင်းသင် ရိုးတွေမှာ ထည့်သွင်းသင်ကြားဖို့လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။
"နာဂစ်မုန်တိုင်းဟာ သဘာဝဘေးအန္တရာယ်သပ်သပ်လို့ ထင်ပါတယ်၊ တကယ်တော့ ကျနော်တို့တွေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ အခြေခံ နည်းသောကြောင့် နောက်ဆက်တွဲပေါ်ပေါက်လာ တဲ့ ပြဿနာဆိုပြီးတော့ ထည့်တွက်ရပါလိမ့်မယ်၊ တနည်းအားဖြင့် ကျောင်းတွေမှာ ပတ်ဝန်းကျင် ထိန်း သိမ်းရေးပညာကို ဒီနေ့ထိမသင်ပေးခဲ့တဲ့အကျိုးတွေပါပဲ၊ ဒီထက်ကောင်းတာက ဒီရေတောကို ထိန်းသိမ်းပါ၊ သားစဉ်၊ မြေးဆက်ကောင်းကျိုးဆက်ချင်ရင်တော့ ကျနော်တို့ အခြေခံပညာကျောင်းတွေမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာကို သင်ပေးပြီးတော့ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဧရာဝတီ၊ ရခိုင်၊ တင်္နသာရီတို့တွေမှာ ဒီရေတောထိန်းသိမ်းမှုကို မဖြစ်မနေ ဆောင်ရွက်သင့်ကြောင်း အလေး အနက်ထောက်ခံအဆိုပြုရင်း နိဂုံးချုပ်အပ်ပါတယ်"
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ဒေးဒရဲမြို့နယ်မှာ ဒီရေတောတွေကို ထိန်းသိမ်းသွားမှာဖြစ်သလို ဒီရေတောအပင် အသစ်တွေကိုလည်း ဒေသခံ ပြည်သူလူထုနဲ့အတူ ပူးပေါင်းစိုက်ပျိုး သွားမှာဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
"ဒေးဒရဲမြို့မှာရှိတဲ့ ဒီရေတောများ ထိန်းသိမ်းကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းများနဲ့ သက်ဆိုင်ရာ ဌာနများ၊ ဒေသခံပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ သယံဇာတနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ လက်ရှိစီမံချက်နဲ့ စိုက်ပျိုးနေတဲ့ နေရာများအပြင်၊ အခြားစိုက်ပျိုး ရန်မြေနေရာများရှိပါက ဒီရေတောပင်များကိုလည်းကေင်း၊ ဒီရေတောပင်ပေါက်လို့မရတဲ့နေရာတွေမှာ ဆိုရင်တော့ တခြားအဖိုးတန်သစ်ပင်များကိုလည်းကောင်း၊ မုန်တိုင်းဒဏ်ကာကွယ်နိုင်တဲ့ လေကာတန်း များကို ဒေသခံပြည်သူများနဲ့ ပေါင်းပြီးတော့ စိုက်ပျိုးထူထောင်ပေးမှာဖြစ်ပါတယ်"
၂၀၀၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမိုင်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်းမှာ လူပေါင်းသိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပြီး အိုးအိမ်တွေပျက်စီးခဲ့ပေမယ့် ဒီရေတောရှိတဲ့ မြို့ရွာတွေမှာ ပျက်စီးထိခိုက်မှုနည်းခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးကြပါတယ်။
ဒီရေတောတွေဟာ ပင်လယ်ကမ်းခြေက ရွာတွေနဲ့မြိုတွေမှာ ကုန်းမြေနဲ့ပင်လယ် အကြားမှာကြားခံ အဖြစ်တည်ရှိ ပြီး လမု၊ ဓနိ၊ သမက် ၊ ကနစိုစတဲ့ အပင်တွေထူထပ်စွာပေါက်တဲ့တော ဖြစ်ပါတယ်။
ဒီရေတောတွေကို လောင်စာအတွက် အလွန်အကျွံခုတ်ပြီး ထင်း မီးသွေးအဖြစ် အသုံးပြုတာ၊ လယ်ယာမြေ တိုးချဲ့စိုက်ပျိုးတာ၊ လူနေအိမ်တွေဆောက်လုပ်တာနဲ့ ငါး၊ ပုဇွန်ကန်အဖြစ် ပြုလုပ်တာ တွေကြောင့် ဒီရေတောတွေ ပျက်စီးဆုံးရှုံးရတာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
အဆိုကို ဒေးဒရဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ပြီးခဲ့တဲ့မေလ ၃၀ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီရေတောတွေစိုက်ပျိုးဖို့ အစီအစဉ်တွေရှိနေပြီဖြစ်ကြောင်း ဒီနေ့ တင်ပြခဲ့တဲ့အတွက် အဆိုကို မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ် ပါတယ်။
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ပင်လယ်ကမ်းခြေမှာ ဒီရေတောတွေ ပြန်လည်စိုက်ပျိုးပေးဖို့ ပြည်ထောင်စု အစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဒီနေ့ ထောက်ခံဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် က တင်ပြထားပါတယ်။