အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်ကို သွားရောက်
2013.11.15

မြန်မာနိုင်ငံကိုရောက်နေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမစ်နိုင်ငံများ ပူးပေါင်းရေးအဖွဲ့ဟာ ဒီကနေ့ မနက်က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်၊ OIC အဖွဲ့ရဲ့ နေ့ချင်းပြန်ခရီးစဉ်အတွင်း သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မောင်တောနဲ့ စစ်တွေမြို့နယ်က သက်ကယ်ပြင ်ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ပြောပါတယ်။
“ဒီနေ့ သူတို့ ၁၁ နာရီလောက်ရောက် တယ်၊ လေဆိပ်ဧည့်ခန်းမမှာပဲ ဝန်ကြီးချုပ်က ဒီကအခြေအနေတွေကို ရှင်းပြတယ်၊ စဖြစ်တဲ့ဖြစ်စဉ်ကနေပြီး ကျနော်တို့ ကယ်ဆယ်ရေးစခန်းမှာ ထားတဲ့အချိန်အထိ အကုန်လုံးရှင်းပြတာပေါ့၊ ပြီးတော့ မောင်တောဘက်ကိုသွားတယ်၊ အဲဒီကပြန်လာတော့ သက်ကယ်ပြင် ကယ်ဆယ်ရေး ဒုက္ခသည်စခန်းကိုသွားတယ်၊ အဲဒီမှာ သူတို့ဗလီခဏတက်တယ်၊ နောက်ခုဒီပြန်လာတယ်၊ ကျနော်တို့ လေဆိပ်ဧည့်ခန်းမမှာ ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာဆိုင်ရာနဲ့ တွေ့ဆုံတယ်”
ဒါ့အပြင် အိုအိုင်စီအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ နှစ်ဘက်လူ့အဖွဲ့အစည်းက အရပ်ဖက်ဆိုင်ရာအဖွဲ့တွေနဲ့တွေဆုံပြီး မေးမြန်းလေ့လာခဲ့တယ်လို့လည်း ဦးဝင်းမြိုင်ကပြောပါတယ်၊ အိုအိုင်စီအဖွဲ့ဟာ မနက်ဖြန်မှာတော့ နေပြည်တော်မှာ ဒုတိယသမ္မတအပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိတယ်လို့ နေပြည်တော်မှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်စိုးက RFA ကိုပြောပါတယ်။
“သေချာတာကတော့ ဒီနေ့ပြန်လာမယ်၊ ဒီမှာညအိပ်မယ်၊ မနက်ဖြန်မနက်မှ သူတို့ဒီမှာ တွေ့တော့တွေ့အုံးမယ်၊ သမ္မတရုံးဝန်ကြီးဌာနနဲ့ တွေ့ပြီးတော့မှ သူတို့သွားစရာရှိတာ သွားကြမှာ၊ မနက်ဖြန် နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဖို့ရှိတယ်၊ မိတ္ထီလာသွားမယ့် အစီအစဉ် ကျနော်တို့ မတွေ့ဘူးခင်ဗျ၊ သမ္မတနဲ့ မတွေ့ရင်တော့ တဆင့်တော့ မအားရင် နောက်တစ်ယောက်နဲ့ တွေ့မှာပါ၊ ဒုသမ္မတတစ်ယောက်နဲ့ မနက်ဖြန်တွေ့မှာပဲ”
အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ အပါအဝင် ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ပြီး အကူအညီပေးချင်ကြောင်း သူတိုရဲ့ သဘောထားကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို လေ့လာဖို့ရောက်နေတဲ့ အိုအိုင်စီအဖွဲ့ကို အဖွဲ့ရဲ့အထွေထွေ အတွင်းရေးမှူး အက္ကမယ်ဒင် အီဆန်နိုဂလူး (Ekmeleddin Ihsanoglu)က ဦးဆောင်ပြီး အစ္စလာမ် ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်ပါတယ်။
အိုအိုင်စီအဖွဲ့ရဲ့ ဒီကနေ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။