ရိုဟင်ဂျာတွေအဖြစ်ဟာ ရင်နင့်စရာလို့ OIC အဖွဲ့ပြော


2013.11.17
oic-delegation-305.jpg ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့က ဆိုက်ရောက်လာတဲ့ အစ္စလာမစ်နိုင်ငံများ ပူးပေါင်းရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှမကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

သူနဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လူ ၅ ထောင်လောက်ကို တွေ့ရကြောင်း၊ ဒါပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ဘာမှမေးမြန်းပြောဆိုနိုင်ခြင်း မရှိကြောင်း၊ သူတို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အခုလို OIC အဖွဲ့လာတာကို ဝမ်းသာနေကြကြောင်း၊ ဒီပြဿနာကို ဖြေရှင်းမယ်လို့ အစိုးရကပြောကြောင်း၊ အခုမဖြေရှင်းဘူးဆိုရင် နောင်အခါ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း Mr Ihsannoglu က ပြောသွားပါတယ်။

အိုအိုင်စီ ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဟာ မြန်မာနိုင်ငံက   ပြန်လည်မထွက်ခွါခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြတာတွေ ကြုံခဲ့ရပါတယ်။

မနေ့ကလည်း သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆ဝ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။