ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ဖို့ မြန်မာ အစိုးရက ခွင့်ပြုကြောင်း OIC ကြေညာ
2012.08.11
သောကြာနေ့က ရန်ကုန်မြို့မှာ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးခဲ့ကြပြီးတဲ့နောက် မြန်မာအစိုးရက သဘောတူညီလိုက်တာ ဖြစ်ကြောင်း OIC က ပြောဆိုတယ်လို့ အေအက်ဖ်ပီၤ သတင်းက ဖော်ပြပါတယ်။
လူသားချင်း စာနာမှုဆိုင်ရာ အစ္စလာမ်ကူညီရေးအဖွဲ့တွေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ ဒေသခံ အားလုံးကို ထောက်ပံ့ ကူညီလိုတာ ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်ကို OIC ကိုယ်စားလှယ် အဖွဲ့က အာမခံ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီအတွင်း ဆော်ဒီဘုရင် အဗ္ဗဒူလာက ရခိုင်ပြည်နယ်က ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ကူညီငွေ အမေရိကန်ဒေါ်လာ သန်း (၅၀) ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဆော်ဒီ SPA သတင်း က ဖော်ပြပါတယ်။
အာရပ်စော်ဘွားများနိုင်ငံ ( UAE ) ကလည်း ရခိုင်ပြည်နယ်မှာ လူနည်းစု မူဆလင်တွေရဲ့ ဆင်းရဲဒုက္ခတွေ ကင်းငြိမ်းသွားအောင် တိုးတက် ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။