OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် စတင်
2013.11.12
OIC ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အက္ကမယ်ဒင် အီဆန်နိုဂလူး (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ဒီနေ့ အင်္ဂါနေ့မှာ ခရီးစတင်ထွက်ခွာမယ်လို့ ဆော်ဒီဂေဇက် သတင်းစာက ဖော်ပြပါတယ်။
အဲဒီအဖွဲ့ထဲမှာ အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ဝင် ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေပါဝင်ပြီး မြန်မာနိုင်ငံက အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာမွတ်စလင်တွေကိစ္စနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်သလို ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်လေ့လာမယ်လို့လည်း သိရပါတယ်။