ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အိုအိုင်စီအဖွဲ့ တွေ့ဆုံမည်
2013.11.13
မြန်မာနိုင်ငံက ပဋိပက္ခအခြေအနေတွေကို လာရောက်လေ့လာမယ့် အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒီနေ့ နေပြည်တော်ကို ရောက်နေပြီဖြစ်ပြီး၊ မနက်ဖြန်မှာ ဒုတိယသမ္မတ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးကော်မတီနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို အတည်ပြုပြောကြားပါတယ်။
“သမ္မတကြီးနဲ့ တွေ့ဆုံဖို့ အစီအစဉ်တော့ မရှိပါဘူးခင်ဗျ၊ ဒါပေမဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ မနက်ဖြန်မှာ တွေ့ဖို့ရှိပါတယ်၊ နောက်တခါ ယေဘုယျအားဖြင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်များနဲ့လည်း တွေ့ဆုံဖို့စီစဉ်ထားတာရှိပါတယ်၊ နောက်အဆင်ပြေတဲ့နေ့မှာတော့ ရခိုင်ဘက်ကိုသွားပြီးလေ့လာဖို့ ကျနော်တို့စီစဉ်နေပါတယ်”
သမ္မတရုံးရဲ့ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် ပြောပြခဲ့တာပါ၊ မြန်မာနိုင်ငံမှာ ဘာသာရေးအဓိကရုဏ်းနဲ့ ဘာသာရေးခွဲခြားဆက်ဆံ ဖိနှိပ်မှုမရှိဘူးဆိုတာကို အိုအိုင်စီအဖွဲ့တွေကိုယ်တိုင် လာရောက်လေ့လာသိရှိနိုင်အောင်ရည်ရွယ်ပြီး မြန်မာအစိုးရက ဖိတ်ကြားခဲ့တာလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။ အခု အိုအိုင်စီအဖွဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကန့်ကွက်သူတချို့က ရန်ကုန်မှာ မနေ့က ဆန္ဒပြပွဲတွေလုပ်ခဲ့သလို စစ်တွေမှာလည်း ဆန္ဒပြကန့်ကွက်ပွဲတွေလုပ်ဖို့ စီစဉ်နေကြပါတယ်။ အိုအိုင်စီ အထွေထွေအတွင်းရေးမှူး အက္ကမယ်ဒင် အီဆန်နိုဂလူး (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ၃ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း စစ်တွေ၊ မိတ္ထီလာ စတဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ရာဒေသတွေကို သွားရောက်လေ့လာကြဖို့ရှိတယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့က ထင်ရှားတဲ့ မွတ်စလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာဂျီ ဦးအေးလွင်ကတော့ အိုအိုင်စီအဖွဲ့နဲ့ တွေ့ဆုံခွင့်ရခဲ့ရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးအသွင်ဆောင်ပေမဲ့ ဘာသာရေးပဋိပက္ခမဟုတ်ကြောင်း အလေးထားပြောကြားမယ်လို့ RFA ကို ပြောပါတယ်။
OIC ကိုယ်စားလှယ်အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အန်အယ်လ်ဒီဘက်က တရားဝင်အတည်ပြုထုတ်ပြန်တာ မရှိသေးပါဘူး။
အိုအိုင်စီအဖွဲ့ရဲ့ ခရီးစဉ်အသေးစိတ်နဲ့ ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အိုအိုင်စီအဖွဲ့ သွားရောက်မယ့် ရခိုင်နဲ့ မိတ္ထီလာဒေသမှာ ဆန္ဒပြဖို့စီစဉ်နေကြတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။