အနောက်အုပ်စု ရေနံကုမ္ပဏီတွေ ထံက မြန်မာအစိုးရ ငွေ အများအပြားရနေ
2015.04.18

မြန်မာကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွေမှာ အနောက်နိုင်ငံကုမ္ပဏီတွေ ပိုမိုပါဝင် လာတဲ့အတွက် မြန်မာအစိုးရအနေနဲ့ နိုင်ငံခြား ရင်းနှီးမြုှပ်နှံငွေ အများအပြားရရှိနေတယ်လို့ Nikkei Asian Review မီဒီယာအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ သတင်းမှာဖော်ပြထားပါတယ်။
မြန်မာပြည်ရဲ့ သယံဇာတကဏ္ဍမှာ ပြီးခဲ့တဲ့ မတ်လ ကုန်ဆုံးတဲ့ ၂ဝ၁၄-၁၅ ရးနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြုှပ်နှံငွေ ဒေါ်လာ သန်း သုံးထောင့်နှစ်ရာခန့် ရှိတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။
အဲ့ဒီကာလအတွင်း နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုပမာဏ စုစုပေါင်းကတော့ ဒေါ်လာ သန်း ရှစ်ထောင်ခန့် ရှိပါတယ်။ ဒါဟာ တစ်နှစ်အတွင်း နိုင်ငံခြားမြုှပ်နှံ မှု နှစ်ဆတိုးလာတာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ ကမ်းလွန်ဓါတ်ငွေ့ လုပ်ကွက် ၂ဝ ကို မနှစ်ကလေလံတင်ခဲ့ရာမှာ Shell နဲ့ Chevron လို အနောက်နိုင်ငံတွေက ကမ္ဘာကျော် ရေနံကုမ္ပဏီတွေ ဝင်ရောက်နေရာယူလာခဲ့ပါတယ်။ အဲ့ဒီ ကုမ္ပဏီတွေဟာ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကြောင့် အရင်က ဝင်ရောက်လုပ်ကိုင်ခြင်း မရှိခဲ့ပါဘူး။ ၂ဝ၁၁ ခုနှစ်မတိုင်မီကာလအထိ မြန်မာ့ကမ်းလွန် ဓါတ်ငွေ့လုပ်ငန်းမှာ ထိုင်း PTT နဲ့ မလေးရှား Petronas ကုမ္ပဏီတွေပဲ ဝင်ရောက်လုပ်ကိုင်ခဲ့ကြတာဖြစ်ပါတယ်။