ကမ္ဘာ့ရေနံဈေး ကျဆင်း မှုကြောင့် မြန်မာ့ရေနံကဏ္ဍ ထိခိုက်
2016.01.20

ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ရေနံထွက်ရှိနှုန်း ထိခိုက်နေရတယ်လို့ ဘန်ကောက်ပို့စ် သတင်းကဖေါ်ပြပါတယ်။
မြန်မာ့ရေနံအထွက်နှုန်း ကျဆင်းနေတာကြောင့် နောက်ထပ်ရေနံတွင်းအသစ်တွေ ရှာဖွေဖို့ လိုအပ်လာနေပြီ လို့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း အကြံပေးပုဂ္ဂိုလ် ဦးသန်းထွန်းက ပြောဆိုပါတယ်။
ဒါပေမဲ့ ရေနံဈေးနှုန်း ဆက်လက်ကျဆင်းနေမယ်ဆိုရင် ရေနံကုမ္ပဏီတွေကလည်း ကုန်ကျစရိတ်ကြီးမားတဲ့ တွင်းသစ်တွေရှာဖွေရေး ဆောင်ရွက်လိုကြမှာ မဟုတ်ကြောင်း သတင်းမှာ ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ ၁၉၈ဝ ပြည့်နှစ်တွေအတွင်း မြန်မာနိုင်ငံ ကုန်းတွင်းနဲ့ ကမ်းလွန်ပင်လယ်ပြင် စွမ်းအင်လုပ်ကွက်တွေ ကနေ နှစ်စဉ် ရေနံစိမ်း စည်ပေါင်း နှစ်သောင်းအထိ ထွက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရေနံထွက်နှုန်းကျဆင်း လာခဲ့ရာမှာ တစ်နှစ်ကို စည်ပေါင်း ၇၅ဝဝ ဝန်းကျင်သာ ထုတ်လုပ်နိုင်ခဲ့လို့ ၅ဝ% ၆ဝ % ထိ ကျဆင်းသွား ခဲ့ကြောင်း ဦးသန်းထွန်း က ပြောပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက ရေနံတွင်းသစ်ပေါင်း ၁၆ ခု ခွင့်ပြုခဲ့ပေမယ့်၊ ရေနံအထွက်ကျဆင်းနေတဲ့ ရေနံချောင်း ၊ ရေနံချပ် ဒေသတွေမှာသာဖြစ်နေပါတယ်။
ရေနံဈေးနှုန်းဟာ ၂ဝ၁၄ ခုနှစ်က ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ တစ်ရာကျော်ရှိခဲ့ရာက၊ ပြီးခဲ့တဲ့ သီတင်းပတ်က တစ်စည်ကို ၂၈ ဒေါ်လာအောက် ကျဆင်းခဲ့ပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဝန်ဆောင်မှုအဖွဲ့က ဥက္ကဌ ဦးကျော်ကျော်လှိုင်ကတော့ ၂ဝ၁၇ ခုနှစ် ကျရင် ရေနံဈေးနှုန်း ပြန်တက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ အခုလတ်တလော ရေနံဈေး ကျဆင်းနေတာကြောင့် ရေနံရှာဖွေရေးကုမ္ပဏီတွေ လုပ်ငန်းစွန့်သွားကြမှာ စိုးရိမ်ကြောင်းပြောပါတယ်။
မြန်မာနိုင်ငံမှာ ကုန်းတွင်းရေနံလုပ်ကွက်ပေါင်း ၅၃ ခုရှိရာမှာ ၄ဝ က ရေနံတွေ ထုတ်နေပါတယ်။ ကမ်းလွန် သဘာဝဓါတ်ငွေ့ လုပ်ကွက်ပေါင်း ၅၁ ခုရှိရာမှာ ၃၈ ကွက်မှာ ဓါတ်ငွေ့ထုတ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။