ချင်းပြည်နယ်မှာ NLD နိုင်ဖို့ ပြည်နယ်ဝန်ကြီးဟောင်း ဦးဆောင်မည်
2020.08.21
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်တဲ့ ပြည်နယ်အဆင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ဆယ်ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ကော်မတီနဲ့ ပတ်သက်ပြီး ယခင် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ဆက်သွယ်မေးမြန်းပေမယ့် သူက လတ်တလော ဖြေကြားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောပါတယ်။
ကော်မတီမှာ ထင်ရှားသူ နောက်တစ်ဦးကတော့ ကျန်းမာခြင်းနဲ့ မျှော်လင့်ခြင်းမြန်မာ (Health and Hope – Myanmar) အဖွဲ့ တည်ထောင်ပြီး ချင်းပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဒေါက်တာ ဆာဆာ ဖြစ်ပါတယ်။
ကော်မတီမှာ အမျိုးသမီး ပါဝင်မှုတော့ မတွေ့ရပါဘူး။
NLD က ချင်းပြည်နယ်မှာ အပြတ်အသတ် အနိုင်ရရှိထားပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာ ချင်းပြည်နယ်လွှတ်တော် အမတ် ၁၂ ဦး ရှိပြီး ၁၀ ဦးက NLD ပါတီက၊ ကျန် ၂ ဦးက ဒေသခံပါတီ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော် နေရာ ၁၂ ခုမှာလည်း ၉ ဦးက NLD ပါတီက ဖြစ်ပါတယ်။ ကျန်တာကတော့ ဇိုမီးပါတီက ၂ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁ ဦး ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်အတွက် ဒီလို အင်အားကောင်းနေတဲ့ ချင်းပြည်နယ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မတီမှာ NLD က အထင်ကရ ချင်းတိုင်းရင်းသားနှစ်ဦးကို တာဝန်ပေးထားတာပါ။
တခြား ဒေသအသီးသီးမှာလည်း တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော်အကြီးအကဲတချို့ ဦးဆောင် ပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီမှာတော့ ဦးတင်ဦးက ဂုဏ်ထူးဆောင် နာယကအဖြစ် တာဝန်ယူထားပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတာ တွေ့ရမှာပါ။
၃၁ ဦးပါ ဗဟို ကော်မတီထဲမှာ သမ္မတဟောင်း ဦးထင်ကျော်၊ လက်ရှိ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့လည်း ပါဝင်ပါတယ်။