တတိယအကြိမ် သက်ကြီးနိုင်/ကျဉ်းဟောင်းများ ကန်တော့ပွဲ ကျင်းပ
2013.10.19
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တို့ ပူးပေါင်းပြီး တတိယအကြိမ်မြောက် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်းများ ဂါရဝပြုကန်တော့ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပခဲ့ပါတယ်။
အကန်တော့ခံ ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်ချက်နဲ့ စိတ်ဓာတ်တွေဟာ မျိုးဆက်သစ်လူငယ်တွေအတွက် အတုယူစရာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။
“စဉ်ဆက်မပြတ် နိုင်ငံရေးနယ်ပယ်မှာ ရှေ့တန်းကနေပြီးတော့ မားမားမတ်မတ်ရပ်ပြီးတော့ ဂုဏ်ယူစံပြုလောက်တဲ့ ၇၅ နှစ်နဲ့အထက် နိုင်ငံရေးအကျဉ်းသားဟောင်း သက်ကြီးပူဇော်ပွဲဟာ ကနေ့ဆိုရင် တတိယအကြိမ်ဖြစ်ပါပြီ၊ အသက်အရွယ်တွေ ကြီးသော်ငြားလည်း သူတို့ရဲ့စိတ်ဓာတ်ခွန်အား၊ သူတို့ရဲ့ယုံကြည်ချက် အားမာန်တွေဟာ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ တကယ်ကို စံပြုလောက်ပါတယ်လို့ မှတ်ယူပါတယ်”
ဒီနေ့ကျင်းပတဲ့ ဂါရဝပြုကန်တော့ပွဲကို ဝါရင့်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဦးသုဝေ၊ ဦးမိုးသူ၊ ဦးစောဝင်း၊ ဦးဖေအောင်(ကျွန်းပြန်)၊ တိုင်းရင်းသားခေါင်းဆောင်တွေထဲက ဦးသာဘန်း၊ ဦးနိုင်ငွေသိမ်း၊ ဦးနိုင်ထွန်းသိန်းစတဲ့ ဝါရင့်နိုင်ငံရေးသမား ၂၀နီးပါး တက်ရောက်ကန်တော့ခံခဲ့ကြပါတယ်။
ဟံသာဝတီဦးဝင်းတင်နဲ့ ဦးတင်ဦးတို့ကတော့ ကျန်းမာရေးအခြေအနေကြောင့် အခမ်းအနားကို မတက်ရောက်နိုင်ဘူးလို့ သိရပါတယ်။
ကန်တော့ပွဲကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း၊ စာရေးဆရာသမဂ္ဂ၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက စတဲ့ အဖွဲ့အစည်းတာဝန်ရှိသူတွေ၊ အဖွဲ့ဝင်တွေ တက်ရောက်ပြီး သက်ကြီးနိုင်ငံရေး အကျဉ်းသား ဟောင်းတွေကို ဂါရဝပြုကန်တော့ခဲ့ပါတယ်။